မန်ယူနည်းပြ မော်ရင်ညိုသည် ဆီဗီလာက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ မန်ယူအသင်း ချန်ပီယံလိဂ်မှနေ၍ ရှုံးနိမ့်ထွက်ခွာခဲ့ရသည်မှာ အထူးအဆန်းကိစ္စရပ်တစ်ခုမဟုတ်ဘဲ ကမ္ဘာပျက်သွားခြင်းလည်းမဟုတ်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ချက်စတာ၊ မတ် ၁၄

မန်ယူနည်းပြ မော်ရင်ညိုသည် ဆီဗီလာက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ မန်ယူအသင်း ချန်ပီယံလိဂ်မှနေ၍ ရှုံးနိမ့်ထွက်ခွာခဲ့ရသည်မှာ အထူးအဆန်းကိစ္စရပ်တစ်ခုမဟုတ်ဘဲ ကမ္ဘာပျက်သွားခြင်းလည်းမဟုတ်ဟု ဖွင့်ဟပြောကြားသွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် ပေါ်တို၊ ရီးရဲလ်မက်ဒရစ် အစရှိသည့်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့စဉ်၌ မန်ယူနှင့်ချန်ပီယံလိဂ်ပွဲစဉ် ယှဉ်ပြိုင်ကစားရန် အိုးလ်ထရက်ဖို့ဒ်ဘောလုံးကွင်းသို့ လာရောက်ခဲ့ဖူးပြီး ယင်းအချိန်များ၌လည်း မန်ယူမှာ နှစ်ကျော့ပေါင်းရလဒ်များဖြင့် ပြိုင်ပွဲက ထွက်ခွာသွားခဲ့ရသော သာဓကများ ရှိနှင့်ခဲ့ဖူးပြီးဖြစ်ကြောင်း မော်ရင်ညိုက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် ၎င်းနှင့် မန်ယူကစားသမားများမှာ ဆီဗီလာနှင့်ပွဲစဉ် အရှုံးရလဒ်အတွက် ၂၄ နာရီထက်ပို၍ ကြေကွဲခံစားနေလိမ့်မည်မဟုတ်ဟု ပြောကြားသွားခဲ့ပြီး လက်ရှိအချိန်တွင် လာမည့်စနေနေ့၌ ဘရိုက်တန်နှင့်ယှဉ်ပြိုင်ရမည့် အက်ဖ်အေဖလားကွာတားဖိုင်နယ်ပွဲစဉ်ကသာ ၎င်းတို့အတွက် အရေးကြီးသွားပြီဖြစ်ကြောင်း မော်ရင်ညိုက ဆက်လက်အသိပေးသွားခဲ့သေးသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “ပုံကြီးချဲ့နေကြတာပါ။ မန်ယူဟာ တစ်ခါမှ ဒါမျိုးမဖြစ်ခဲ့ဘူးသလိုပုံစံမျိုးနဲ့ ထိုးနှက်တိုက်ခိုက်မှုတွေ လုပ်လာတယ်လို့ပဲ ခံစားရပါတယ်။ တကယ်က ဒီနေရာကို ပေါ်တို၊ ရီးရဲလ်မက်ဒရစ်စတဲ့အသင်းတွေနဲ့အတူ ကျွန်တော်ရောက်လာခဲ့ဖူးပြီး မန်ယူကို ချန်ပီယံလိဂ်ကနေ ထွက်ခွာစေခဲ့တာကို အမှတ်ရသင့်ပါတယ်။ အခုအချိန်မှာတော့ မန်ယူကို နည်းပြအဖြစ် ကျွန်တော် ဦးဆောင်နေတာပါ။ အိမ်ကွင်းမှာ အရှုံးရလဒ်ကြုံပြီး ပြိုင်ပွဲကနေ ထွက်လိုက်ရတဲ့အတွက် ကျွန်တော် စိတ်ပျက်မိပါတယ်။ လူတွေက ကျွန်တော်တို့အပေါ် လေးစားမှု မရှိသလိုပါပဲ။ ကျွန်တော်ရော ကျွန်တော့်ကစားသမားတွေပါ အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ ရှုံးခဲ့တယ်။ ဘောလုံးပွဲတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အခြေအနေတစ်ရပ်ထက် မပိုပါဘူး။ ကျွန်တော်တို့မှာ ဇာတ်နာပြနေဖို့ အချိန်မရှိပါဘူး။ ၂၄ နာရီထက်ပိုပြီး ၀မ်းနည်းကြေကွဲနေဖို့ အချိန်မရှိပါဘူး။ ဒါဟာ ရှုံးပွဲတစ်ပွဲပါ။ ကမ္ဘာပျက်သွားတာ မဟုတ်ပါဘူး။ လာမယ့်စနေနေ့မှာ ယှဉ်ပြိုင်ရမယ့်ပွဲစဉ်အတွက် အာရုံစိုက်ရမှာတွေ ကျွန်တော်တို့မှာ ရှိနေပါတယ်”ဟု ပြောကြားသွားခဲ့သည်။