လက်စတာအသင်းသည် အသင်းတိုက်စစ်မှူး ဗာဒီကို လေးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဗာဒီမှာ လက်စတာထံတွင် ၂၀၂၁-၂၂ ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ သြဂုတ် ၁၀

လက်စတာအသင်းသည် အသင်းတိုက်စစ်မှူး ဗာဒီကို လေးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ပြီး ယင်းစာချုပ်သစ်အရ ဗာဒီမှာ လက်စတာထံတွင် ၂၀၂၁-၂၂ ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ ရှိသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဗာဒီသည် ယခုမတိုင်မီတွင် လက်စတာထံ၌ တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင်တစ်သိန်းရရှိနေပြီး စာချုပ်သစ်တွင် လက်စတာက ဗာဒီကို လုပ်ခလစာအကျိုးခံစားခွင့် တိုးမြှင့်ပေးခဲ့သော်လည်း ပမာဏ အတိအကျကိုမူ ထုတ်ပြန်ကြေညာသွားခြင်း မရှိခဲ့ပေ။

ဗာဒီသည် လက်စတာကို ကိုယ်စားပြု၍ ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း အသင်းအတွက် ပြိုင်ပွဲအရပ်ရပ်တွင် သွင်းဂိုးပေါင်း ၈၈ ဂိုး ရယူပေးခဲ့ပြီးဖြစ်ကာ လက်ရှိတွင် နောက်ခံလူ မာဂွီရေးကိုလည်း လုပ်ခလစာတိုးမြှင့်ပေး၍ စာချုပ်သစ်ချုပ်ရန် လက်စတာက ဆက်လက် စီစဉ်နေပြီဖြစ်သည်။

လက်စတာသည် မာဂွီရေးကို တစ်ပတ်လုပ်ခလစာ ပေါင ၇၅,၀၀၀ ပေးချေကာ စာချုပ်သစ်ချုပ်ရန် စီစဉ်နေခြင်းဖြစ်ပြီး အသင်းထံသို့ ဗဟိုခံစစ်မှူးသစ်များ ပြောင်းရွှေ့ရောက်ရှိလာသော်လည်း မာဂွီရေးမှာ အဓိက ပွဲထွက်ကစားသမားအဖြစ် ဆက်ရှိနေမည်သာဖြစ်ကြောင်း လက်စတာနည်းပြ ပူအယ်လ်ကလည်း ထုတ်ဖော်ပြောကြားထားသည်။

လက်စတာသည် ကစားသမားအပြောင်းအရွှေ့ဈေးကွက် နောက်ဆုံးနေ့တွင် ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၂၉ သန်း အကုန်အကျခံ၍ ခံစစ်မှူးသစ်နှစ်ဦး ၀ယ်ယူခဲ့ပြီး ယင်းကစားသမားများမှာ ဒိုင်နမိုဇာဂရက်နောက်ခံလူ ဘင်ကိုဗစ်နှင့် ဖရိုင်းဘတ်နောက်ခံလူ ဆိုယန်ကုတို့ဖြစ်ကြောင်း လက်စတာက သတင်းထုတ်ပြန်ထားသည်။

လက်စတာသည် ဘင်ကိုဗစ်၏အပြောင်းအရွှေ့ကို တရားဝင်အပြီးသတ်လိုက်နိုင်ပြီဖြစ်သော်လည်း ဆိုယန်ကုအတွက်မူ အလုပ်လုပ်ခွင့်ဗီဇာရရှိရန် စောင့်ဆိုင်းနေရဆဲဖြစ်ပြီး ယင်းကစားသမားနှစ်ဦးကို ရေရှည်အတွက် ရည်ရွယ်ကာ ရင်းနှီးမြှုပ်နှံလိုက်ခြင်းဖြစ်သည်ဟု နည်းပြ ပူအယ်လ်က ရှင်းပြသွားခဲ့သည်။