ဝက်စ်ဟမ်းအသင်းသည် အသင်းတိုက်စစ်ကို အင်အားဖြည့်တင်းရန်အတွက် အာဆင်နယ်တိုက်စစ်မှူးဟောင်း လူးကပ်စ်ပီရက်ဇ်ကို ခေါ်ယူလိုက်ပြီး လက်စတာအသင်းမှာလည်း ခံစစ်ကို အားဖြည့်ရန် ဒိုင်နမိုဇာဂရက်နောက်ခံလူ ဘင်ကိုဗစ်ကို ၀ယ်ယူရရှိသွားခဲ့ပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ သြဂုတ် ၉

ဝက်စ်ဟမ်းသည် အသက် ၂၉ နှစ်အရွယ်ရှိ လူးကပ်စ်ပီရက်ဇ်ကို ခေါ်ယူရန် ပြောင်းရွှေ့ကြေးပမာဏ ပေါင်လေးသန်း အသုံးပြုခဲ့ရပြီး အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများအောင်မြင်ခဲ့အပြီးတွင် လူးကပ်စ်ပီရက်ဇ်က သုံးနှစ်သက်တမ်းစာချုပ်ကို ၀က်စ်ဟမ်းနှင့် လက်မှတ်ရေးထိုးချုပ်ဆိုသွားခဲ့သည်။

လက်စတာသည် ဒိုင်နမိုဇာဂရက်နောက်ခံလူ ဘင်ကိုဗစ်ကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၁၃ သန်း အသုံးပြု၍ ၀ယ်ယူလိုက်ခြင်းဖြစ်ပြီး အသက် ၂၁ နှစ်အရွယ်သာရှိသေးသော ဘင်ကိုဗစ်မှာ အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် လက်စတာနှင့် ငါးနှစ်သက်တမ်းစာချုပ်ကို လက်မှတ်ရေးထိုးသွားခဲ့သည်။

ဘင်ကိုဗစ်သည် ယူ-၁၇၊ ယူ-၁၈၊ ယူ-၁၉ နှင့် ယူ-၂၁ အဆင့်များတွင် ခရိုအေးရှားလက်ရွေးစင်အသင်းကို သက်တမ်းအလိုက် အဆင့်ဆင့် ကိုယ်စားပြုခွင့်ရခဲ့ပြီး အသင်းအနေနှင့် ဘင်ကိုဗစ်ကို ခေါ်ယူလိုက်သည်မှာ မာဂွီရေးကို ရောင်းထုတ်ရန်အတွက် မဟုတ်ကြောင်းလည်း လက်စတာနည်းပြ ပူအယ်လ်က ရှင်းပြသွားခဲ့သည်။

လူးကပ်စ်ပီရက်ဇ်သည် ၎င်းအနေနှင့် အာဆင်နယ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ကျရှုံးမှုများဖြင့် ရင်ဆိုင်ကြုံဆုံခဲ့ရသည်ကို ၀က်စ်ဟမ်းနှင့်အတူ ပြန်လည်ချေဖျက်ပြလိုခြင်းကြောင့် ပရီးမီးယားလိဂ်ထံသို့ တစ်ကျော့ပြန်လည် ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့သည်။