မန်စီးတီးနည်းပြ ဂွါဒီယိုလာသည် ၎င်း၏နည်းပြဘ၀ဖြတ်သန်းမှုကို လူငယ်အသင်းတစ်သင်းသင်းကို နည်းပြခြင်းဖြင့် အဆုံးသတ်မည်ဟု အသိပေးထားပြီး အခွင့်ရမည်ဆိုပါက နည်းပြဘ၀အစပြုခဲ့ရာ ဘာစီလိုနာ(ခ)ထံတွင် နည်းပြဘ၀ကို အဆုံးသတ်လိုသည်ဟု ဂွါဒီယိုလာက ပြောကြားထားကြောင်း The Mirror က ဖော်ပြထားသည်။

မန်ချက်စတာ၊ စက်တင်ဘာ ၁၃

ဂွါဒီယိုလာသည် ၎င်း၏နည်းပြဘ၀ကို ၂၀၀၇ ခုနှစ်တွင် ဘာစီလိုနာ(ခ)အသင်းကို ဦးဆောင်ခြင်းဖြင့် စတင်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက်တွင် ဘာစီလိုနာအသင်းကြီးကို တာဝန်ယူခွင့်ရရှိကာ ၎င်းက နာမည်ကျော်ထင်ပေါ်လာခဲ့ခြင်းဖြစ်သည်။

ဂွါဒီယိုလာသည် ၎င်းအနေနှင့် လူငယ်ကစားသမားများကို ထိပ်တန်းအဆင့်သို့ တက်လှမ်းနိုင်စေရန် ပြုစုပျိုးထောင်ပေးရသည်ကို လွန်စွာ သဘောကျသည်ဟုလည်း ဖွင့်ဟ၀န်ခံသွားခဲ့ပြီး မန်စီးတီးနှင့် ၎င်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်မှာ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီ ပြီးဆုံးချိန်တိုင်သည်အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဂွါဒီယိုလာက “ကျွန်တော့်ရဲ့နည်းပြဘ၀အစပြုခဲ့ရာနေရာမှာပဲ ကျွန်တော့်နည်းပြဘ၀ကို အဆုံးသတ်လိုပါတယ်။ ဘာစီလိုနာ(ခ)အသင်းဟာ ကျွန်တော် ပြန်သွားလိုတဲ့နေရာပါပဲ။ ဒီအခွင့်အရေးကို ကျွန်တော် ရနိုင်လိမ့်မယ်လို့လည်း မျှော်လင့်ထားပါတယ်။ သေချာတာက လူငယ်အသင်းတစ်သင်းသင်းကို တာဝန်ယူပြီး ကျွန်တော့်နည်းပြဘ၀ကို အဆုံးသတ်မယ်ဆိုတာပါပဲ”ဟု ပြောကြားသွားခဲ့သည်။