ပြင်သစ်လက်ရွေးစင်ကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လာမည့်ဒီဇင်ဘာလ ၃ ရက်နေ့တွင် ပေးအပ်ချီးမြှင့်မည့် ဘလွန်းဒီအော်ဆု(ရွှေဘောလုံးဆု)ကို ပြင်သစ်လက်ရွေးစင်ကစားသမားများအနက်မှ တစ်ဦးဦးသာ ပိုင်ဆိုင်ရရှိသင့်သည်ဟု မှတ်ချက်ပေးပြောကြားလိုက်ကြောင်း AS က ဖော်ပြထားသည်။

ပဲရစ်၊ အောက်တိုဘာ ၁၀

ပေါ့ဂ်ဘာသည် ကမ္ဘာ့ဖလားဆွတ်ခူးရယူနိုင်ခဲ့သော ပြင်သစ်လက်ရွေးစင်ကစားသမားများအနက်မှ တစ်ဦးတစ်ယောက်မျှ ထူးချွန်ဆုတံဆိပ် ချီးမြှင့်ခြင်းမခံရသည်ကို အလွန်အမင်း မကျေမနပ်ဖြစ်နေပြီး ဥရောပဘောလုံးအဖွဲ့ချုပ်နှင့် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်တို့မှာ တစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို မည်သို့သောအကဲဖြတ်မှုများဖြင့် မိုဒရစ်အား ပေးအပ်ချီးမြှင့်လိုက်သည်ကို ၎င်းအနေနှင့် ယခုအချိန်တိုင်သည်ထိ နားလည်ခြင်းငှာ မစွမ်းသာသေးကြောင်းလည်း ပေါ့ဂ်ဘာက အသိပေးထားသည်။

ပြင်သစ်နိုင်ငံအခြေစိုက် French Football မဂ္ဂဇင်းသည် ဘလွန်းဒီအော်ဆု ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ကျင်းပမည်ဖြစ်ပြီး လက်ရှိထုတ်ပြန်ထားသော ဘလွန်းဒီအော်ဆု ဆန်ခါတင်ကစားသမား ၃၀ ဦးစာရင်းတွင်မူ ပေါ့ဂ်ဘာအပါအ၀င် ပြင်သစ်လက်ရွေးစင်ကစားသမား ခုနစ်ဦးအထိ ပါဝင်လျက်ရှိသည်။

ပေါ့ဂ်ဘာသည် ၎င်း၏စွမ်းဆောင်ရည်ကမူ ဘလွန်းဒီအော်ဆုနှင့်ထိုက်တန်ခြင်းမရှိဟု ပြောကြားထားပြီး ပြင်သစ်ကစားသမားများအနက်မှနေ၍ ဘလွန်းဒီအော်ဆု ရရှိသင့်သည်ဟု ပေါ့ဂ်ဘာထင်မြင်ယူဆထားသူများမှာ ဂရစ်ဇ်မန်း၊ အမ်ဘတ်ပေနှင့် ဗာရာနေးတို့ ဖြစ်ကြသည်။