မန်ယူနည်းပြ မော်ရင်ညိုသည် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို ထိပ်တန်းကစားသမားများ ၀ယ်ယူရေးဆိုင်ရာ ကိစ္စရပ်များကို ငွေကုန်ကြေးကျခံ၍ မဆောင်ရွက်လိုပါက များမကြာမီအချိန်အတွင်း အသင်း၌ရှိသော ကစားသမားကောင်းများကို လက်လွှတ်လိုက်ရသည့်အခြေအနေကို မလွဲမသွေ ကြုံဆုံရလိမ့်မည်ဟု သတိပေးစကားပြောကြားလိုက်ကြောင်း Mail Online က ဖော်ပြထားသည်။

မန်ချက်စတာ၊ သြဂုတ် ၉

မန်ယူအသင်းသမိုင်းကြောင်းတစ်လျှောက်တွင် လုပ်ခလစာအများဆုံးရရှိသော ကစားသမားအဖြစ် စံချိန်တင်ရှိထားသူ တိုက်စစ်တောင်ပံကစားသမား ဆန်းချက်ဇ်ကလည်း ၎င်းအနေနှင့် အောင်မြင်မှုများကို ဆွတ်ခူးရယူလိုခြင်းကြောင့် မန်ယူထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ခြင်းဖြစ်သည်ဟု ထုတ်ဖော်ပြောကြားလိုက်ပြီး အတိတ်ကကဲ့သို့သော အောင်မြင်မှုမျိုးကို ပိုင်ဆိုင်ရရှိရေးအတွက် မန်ယူအသင်းတာဝန်ရှိသူများ ဆောင်ရွက်ရမည့် အခြေခံအကျဆုံးသောအလုပ်မှာ နည်းပြ မော်ရင်ညိုနှင့်ညှိနှိုင်း၍ ကစားသမားသစ်များခေါ်ယူကာ အသင်းကို အင်အားဖြည့်ရေးပင်ဖြစ်သည်ဟု ဆွာရက်ဇ်က ထောက်ပြသွားခဲ့သည်။

မော်ရင်ညိုသည် အသင်းအဓိကကစားသမားအများစု ဒဏ်ရာပြဿနာများဖြင့် ရင်ဆိုင်နေရခြင်းကြောင့် ရာသီဖွင့်ပွဲစဉ်များတွင် ရလဒ်ဆိုးများဖြင့် ရင်ဆိုင်ကြုံဆုံရမည်ကို စိုးရိမ်ပူပန်နေပြီး လက်ရှိတွင် မန်ယူက မာတစ်၊ ဟာရီရာ၊ ဗလင်စီယာ၊ ရိုမီယို၊ ရိုဂျိုနှင့် ဒါလော့တ်တို့ကို ဒဏ်ရာပြဿနာများကြောင့် အနားပေးထားရလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် မော်ရင်ညိုက “လက်စတာကို အသင်းအဓိကကစားသမား ခြောက်ဦးလောက် မပါရှိဘဲနဲ့ ကျွန်တော် ရင်ဆိုင်ရဖို့ ရှိနေပါတယ်။ တကယ့်ကို စိတ်ပျက်စရာပါပဲ။ ကျွန်တော့်ရဲ့ဘ၀မှာ အမှတ်ပေးချန်ပီယံဆုဖလား ရှစ်ခု ရခဲ့ဖူးပါတယ်။ ဒါပေမဲ့ မနှစ်က ဘောလုံးရာသီတုန်းက မန်ယူကို ဒုတိယရအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာဟာ ကျွန်တော့်ဘ၀ရဲ့အပြောင်မြောက်ဆုံးသော စွမ်းဆောင်နိုင်ခဲ့မှုပါပဲ။ ဒီအတိုင်းသာ ကစားသမားသစ်ခေါ်ယူဖို့ ပျက်ကွက်နေရင်တော့ အသင်းမှာရှိနေတဲ့ အမာခံကစားသမားတွေကို လက်လွှတ်ရတာမျိုး မန်ယူ ဖြစ်လာနိုင်ပါတယ်”ဟု ပြောကြားသွားခဲ့သည်။