စပါးနှင့် မန်ယူတို့သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘေလ်လီနှင့် အယ်လ်ဒါဝိုင်ရဲလ်တို့ကို အလဲအထပ်လုပ်ရန် ဆွေးနွေးညှိနှိုင်းကြဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ချက်စတာ၊ အောက်တိုဘာ ၁၁

စပါးနှင့် မန်ယူတို့သည် လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ဘေလ်လီနှင့် အယ်လ်ဒါဝိုင်ရဲလ်တို့ကို အလဲအထပ်လုပ်ရန် ဆွေးနွေးညှိနှိုင်းကြဖွယ်ရှိနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

စပါးနည်းပြ ပိုချက်တီနိုသည် မန်ယူနည်းပြ မော်ရင်ညို၏လက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရန် ရုန်းကန်နေရသည့် ဘေလ်လီကို ခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ပြီး ဘေလ်လီကို ရရှိရေးတွင် စပါးမှာ အာဆင်နယ်နှင့် အဓိကယှဉ်ပြိုင်ရဖွယ်ရှိနိုင်ကြောင်း ဆက်စပ်သတင်းများလည်း ထွက်ပေါ်နေသည်။

စပါးနှင့် အယ်လ်ဒါဝိုင်ရဲလ်အကြားတွင် ချုပ်ဆိုထားသည့် လက်ရှိစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အသင်းဘက်က ကမ်းလှမ်းထားသည့်စာချုပ်သစ်ကို အယ်လ်ဒါဝိုင်ရဲလ်က လက်ခံဖွယ်မရှိတော့သည့်အတွက် ၎င်းကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်မလွှတ်လိုက်ရစေရန် လာမည့်ဇန်နဝါရီဈေးကွက်တွင် တန်ကြေးတစ်ရပ်သတ်မှတ်၍ ရောင်းထုတ်လိုက်ရန်ကို စပါးနည်းပြလီဗိုင်းက အလေးအနက်ထား စဉ်းစားနေပြီလည်းဖြစ်သည်။

မန်ယူနည်းပြ မော်ရင်ညိုသည် မန်ယူက နယူးကာဆယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့်ပရီးမီးယားလိဂ်ပွဲစဉ်တွင် ပွဲအစ ၁၀ မိနစ်၌ နယူးကာဆယ်အသင်း သွင်းဂိုးနှစ်ဂိုး ရယူသွားနိုင်ခဲ့ရာ၌ ဘေလ်လီ၏အမှားမကင်းခဲ့ဟု ယူဆကာ ၎င်းကို ပွဲကစားချိန် ၁၈ မိနစ်၌ပင် လူစားလဲလှယ်ပစ်ခဲ့ပြီး လက်ရှိအခြေအနေများအရ ဘေလ်လီအတွက် နည်းပြမော်ရင်ညို၏အခွင့်အရေးပေးခြင်းကို ထပ်ရရန်မလွယ်နိုင်တော့ဟု မန်ယူနောက်ခံကစားသမားဟောင်းတစ်ဦးဖြစ်သူ ဖာဒီနန်ကလည်း သုံးသပ်ထားသည်။