အဲဗာတန်အသင်းသည် နည်းပြ မာကိုဆေးလ်ဗားကို ၀က်ဖို့ဒ်ထံတွင်ရှိနေစဉ်ကာလ၌ အသင်းထံသို့ခေါ်ယူရန် ဆက်သွယ်ခဲ့ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပြီး လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လီဗာပူး၊ စက်တင်ဘာ ၁၄

အဲဗာတန်အသင်းသည် နည်းပြ မာကိုဆေးလ်ဗားကို ၀က်ဖို့ဒ်ထံတွင်ရှိနေစဉ်ကာလ၌ အသင်းထံသို့ခေါ်ယူရန် ဆက်သွယ်ခဲ့ခြင်းအတွက် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပြီး လက်ရှိတွင် ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီက လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ဖွဲ့စည်း၍ ယင်းကိစ္စကို စုံစမ်းစစ်ဆေးနေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် အဲဗာတန်မှာ ယမန်နှစ်ဘောလုံးရာသီ၌ တရားမ၀င်သောနည်းလမ်းများကို အသုံးပြု၍ နည်းပြ မာကိုဆေးလ်ဗားကို ချဉ်းကပ်ဆက်သွယ်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့၏တိုင်ကြားစာတွင် ဖော်ပြထားပြီး လက်ရှိတွင် လွတ်လပ်သောစုံစမ်းစစ်ဆေးရေးကော်မရှင်က အဲဗာတန်အသင်းတာဝန်ရှိသူများနှင့် နည်းပြ မာကိုဆေးလ်ဗားတို့အကြား ဆက်သွယ်စကားပြောဆိုခဲ့သော ဖုန်းမှတ်တမ်းများကို စတင်စစ်ဆေးနေပြီဖြစ်သည်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေးကော်မတီသည် အတိတ်ကာလက အာဆင်နယ်နောက်ခံလူ အက်ရှ်လေကိုးလ်ကို ခေါ်ယူရန် ချယ်လ်ဆီးက ကြိုးပမ်းရာတွင် တရားမ၀င်သောနည်းလမ်းများကို အသုံးပြု၍ ချဉ်းကပ်မှုများရှိခဲ့သည့်အတွက် သုံးမှတ်လျှော့နှင့် ဒဏ်ငွေ ပေါင်သုံးသိန်း ပြစ်ဒဏ်ချမှတ်ခဲ့ဖူးပြီး လက်ရှိတွင် အဲဗာတန်မှာလည်း ယင်းကဲ့သို့သော ပြစ်ဒဏ်မျိုးကို ကျခံရရန် နီးစပ်မှုများရှိနေပြီဖြစ်သည်။

အက်ရှ်လေကိုးလ်သည် အာဆင်နယ်အသင်းတာဝန်ရှိသူများဘက်က ခွင့်မပြုချက်မရရှိဘဲနှင့် ချယ်လ်ဆီးနည်းပြ မော်ရင်ညိုနှင့်တွေ့ဆုံစကားပြောဆိုခဲ့သည့်အတွက် ဒဏ်ကြေးငွေ ပေါင် ၇၅,၀၀၀ တပ်ရိုက်ခံခဲ့ရပြီး ယင်းအချိန်က ချယ်လ်ဆီးနည်းပြအဖြစ် တာဝန်ထမ်းဆောင်ခဲ့သော မော်ရင်ညိုမှာလည်း အက်ရှ်လေကိုးလ်နှင့် တရားမ၀င်တွေ့ဆုံခွင့်ရနိုင်ရန် စီစဉ်ခဲ့ခြင်းအတွက် ကစားသမားနည်းတူ ပေါင် ၇၅,၀၀၀ ဒဏ်ကြေးပေးဆောင်ခဲ့ရသည်။

ဝက်ဖို့ဒ်အသင်းတာဝန်ရှိသူများသည် အဲဗာတန်ဘက်က ချိတ်ဆက်ကမ်းလှမ်းမှုများကြောင့် နည်းပြ မာကိုဆေးလ်ဗားမှာ အသင်းထံတွင် မတည်မငြိမ် ဖြစ်သွားခဲ့ရခြင်းဖြစ်သည်ဟု မှတ်ချက်ပေးထားပြီး အဲဗာတန်အသင်းဘက်က နည်းပြ မာကိုဆေးလ်ဗားကို ခေါ်ယူရန် ချိတ်ဆက်ခဲ့မှုမှာ အသင်း၏ရလဒ်ပိုင်းဆိုင်ရာအပေါ်တွင်လည်း သက်ရောက်မှုကြီးမားစွာဖြစ်သွားခဲ့သည်ဟု ၀က်ဖို့ဒ်အသင်းတာဝန်ရှိသူများက ထောက်ပြထားသေးသည်။

နည်းပြ မာကိုဆေးလ်ဗားသည် ၀က်ဖို့ဒ်နည်းပြရာထူးမှနေ၍ လွန်ခဲ့သည့်ဇန်နဝါရီလ၌ ထုတ်ပယ်ခံခဲ့ရပြီး အဲဗာတန်အသင်းမှာ ယမန်နှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် နည်းပြ ဆမ်အလာဒွိုက်စ်နှင့်လမ်းခွဲ၍ မာကိုဆေးလ်ဗားကို အသင်းနည်းပြသစ်အဖြစ် တာဝန်ပေးအပ်လိုက်ခြင်းဖြစ်သည်။