စပိန်လာလီဂါကလပ် ရီးရဲလ်မက်ဒရစ်အသင်းသည် မန်စီးတီးအသင်းနှင့် စတာလင်းတို့အကြားတွင် စာချုပ်သစ်တစ်ရပ် အကောင်အထည် ပေါ်၊ မပေါ်ကို စောင့်ကြည့်နေပြီဖြစ်ပြီး အကယ်၍ အခွင့်အရေးတစ်ရပ်ရရှိမည်ဆိုပါက စတာလင်းကိုခေါ်ယူရန်အတွက် ရီးရဲလ်မက်ဒရစ်က ကမ်းလှမ်းမှုများ ဆောင်ရွက်ရန် အသင့်အနေအထားတွင်ရှိနေကြောင်း Marca က ဖော်ပြထားသည်။

မက်ဒရစ်၊ အောက်တိုဘာ ၁၁

စတာလင်းနှင့် မန်စီးတီးအသင်းအကြားတွင် ချုပ်ဆိုထားသော စာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ်သာ ကျန်ရှိတော့ပြီး စတာလင်းကိုယ်တိုင်ကလည်း မန်စီးတီးကို စွန့်ခွာဖြစ်ခဲ့ပါက ပြည်ပသို့ထွက်ခွာ၍ စိန်ခေါ်မှုအသစ်များကို ရင်ဆိုင်လိုကြောင်း၊ အပြောင်းရွှေ့ချင်ဆုံးလိဂ်မှာ စပိန်လာလီဂါဖြစ်ကြောင်း ဖွင့်ဟ၀န်ခံထားပြီးဖြစ်သည်။

မန်စီးတီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် စတာလင်း၏အကျိုးဆောင်ကိုယ်စားလှယ်များနှင့်တွေ့ဆုံ၍ စာချုပ်သစ်နှင့်သက်ဆိုင်သော အကြမ်းဖျင်းအချက်အလက်အချို့ကို ဆွေးနွေးလျက်ရှိကာ စာချုပ်သစ်အတွက် စတာလင်းနှင့် မန်စီးတီးအသင်းအကြား အကြိတ်အနယ် ဆွေးနွေးရဖွယ်ရှိနေသည့်အချက်မှာ လုပ်ခလစာအကျိုးခံစားခွင့်ပင်ဖြစ်သည်။

စတာလင်းသည် မန်စီးတီးအသင်းတာဝန်ရှိသူများကို ဒီဘရိုင်နေးနှင့် အဂူရိုတို့အား စာချုပ်သစ်ချုပ်ရာတွင် ပေးအပ်လိုက်သည့် ထိပ်တန်းအဆင့်လုပ်ခလစာ အကျိုးခံစားခွင့်မျိုးကို ၎င်းအားလည်း ပေးအပ်ရန် လိုအပ်လိမ့်မည်ဟု တောင်းဆိုထားပြီး အခြားသောတစ်ဖက်တွင် မန်စီးတီးအသင်းတာဝန်ရှိသူများက ပီအက်စ်ဂျီတိုက်စစ်မှူး အမ်ဘတ်ပေကိုခေါ်ယူရန် အခွင့်အလမ်းတစ်ရပ် ရရှိခဲ့မည်ဆိုပါက စတာလင်းကို လက်လွှတ်လိုက်ရန် စဉ်းစားမှုများလည်းရှိနေသည်။