အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မန်ယူနည်းပြ မော်ရင်ညိုကို လက်သန်းထောင်ပြခြင်းအပြုအမူအတွက် စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ချက်စတာ၊ အောက်တိုဘာ ၉

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်(အက်ဖ်အေ)စည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မန်ယူနည်းပြ မော်ရင်ညိုကို လက်သန်းထောင်ပြခြင်းအပြုအမူအတွက် စစ်ဆေးသွားတော့မည်ဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

မော်ရင်ညိုသည် ယင်းအပြုအမူကို မန်ယူနှင့် ဗလင်စီယာတို့ တစ်ဖက်နှင့်တစ်ဖက် ဂိုးမရှိသရေကျခဲ့သော ချန်ပီယံလိဂ်အုပ်စုပွဲစဉ်ကတည်းက စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ယင်းအပြုအမူမှာ လူပုဂ္ဂိုလ်တစ်ဦးကို ရည်ရွယ်တိုက်ခိုက်နေခြင်းဖြစ်ကြောင်း သံသယ၀င်ဖွယ်ရာဖြစ်လာသည့်အတွက် စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီ တာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့သည်။

မော်ရင်ညိုသည် မန်ယူက နယူးကာဆယ်ကို သုံးဂိုး နှစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် ရုပ်သံကင်မရာရှေ့၌ လက်သန်းထောင်ပြရုံသာမကဘဲ ပေါ်တူဂီဘာသာစကားဖြင့် “fodas fihos de puta”ဟုပါ ပြောကြားသွားခဲ့ပြီး ယင်းစကားမှာ လွန်စွာ ရုန့်ရင်းကြမ်းတမ်းသောသဘောကိုဆောင်သည့် အဆဲစကားဖြစ်ကြောင်းလည်း အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီက စစ်ဆေးဖော်ထုတ်တွေ့ရှိထားပြီးဖြစ်သည်။

သတင်းမီဒီယာများသည် လက်ရှိတွင် မော်ရင်ညိုကို လက်သန်းထောင်ပြရခြင်း၏အနက်အဓိပ္ပါယ်ကို မေးမြန်းထားပြီဖြစ်ပြီး မော်ရင်ညိုက ယင်းသင်္ကေတနှင့်ပတ်သတ်၍ “လက်ချောင်းလေးလေဗျာ။ တခြားသောလက်ချောင်းတွေထက် သေးငယ်နေတဲ့လက်ချောင်းလေးပေါ့။ အဲ့ဒါပါပဲ”ဟု ရှင်းပြထားကြောင်း သတင်းမီဒီယာများက ရေးသားထားသည်။

မော်ရင်ညိုသည် ၎င်းကို ၀က်စ်ဟမ်းနှင့်ပွဲစဉ်ပြီးဆုံးချိန်ကတည်းကပင် ရာထူးထုတ်ပယ်ခံလိုက်ရသင့်သည်ဟု ပြောကြားခဲ့သော ပေါလ်စခိုးကို ရည်ရွယ်ကာ ယင်းသင်္ကေတကို လုပ်ပြနေခြင်းဟု ထင်မြင်ခံထားရပြီး ပေါလ်စခိုးမှာ အခြားသောပုဂ္ဂိုလ်များနှင့်ယှဉ်ပါက ပမွှားအဆင့်သာရှိကြောင်း မော်ရင်ညိုက ရည်ရွယ်လုပ်ပြနေခြင်းဖြစ်သည်ဟု သုံးသပ်ချက်များလည်း ထွက်ပေါ်နေသည်။

အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီသည် မော်ရင်ညိုကို ပြစ်မှုထင်ရှားကြောင်း သတ်မှတ်ခဲ့မည်ဆိုပါက ပွဲပယ်ပြစ်ဒဏ် သို့မဟုတ် ကြီးလေးသောဒဏ်ကြေးငွေပြစ်ဒဏ်ချမှတ်၍ အရေးယူဖွယ်ရှိနေသည်။