အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေး၏အနာဂတ်နှင့် အသင်းအမှုဆောင်အရာရှိချုပ် ဂါဇီဒစ်တို့၏အနာဂတ်သည် ဆက်နွှယ်မှုများရှိနေပြီး ဂါဇီဒစ်သာ အာဆင်နယ်ကို စွန့်ခွာသွားခဲ့မည်ဆိုပါက ရမ်ဆေးမှာလည်း ဂါဇီဒစ်ပြောင်းရွှေ့သည့်အသင်းထံ လိုက်ပါပြောင်းရွှေ့ဖွယ် အခြေအနေများရှိနေကြောင်း Daily Star က ဖော်ပြထားသည်။

လန်ဒန်၊ စက်တင်ဘာ ၁၃

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ပြီး အာဆင်နယ်အသင်းတာဝန်ရှိသူများဘက်က ၎င်းကို စာချုပ်သစ်ချုပ်ဆိုရန် ကမ်းလှမ်းထားသော်လည်း ရမ်ဆေးကမူ ယခုအချိန်တိုင်သည်အထိ လက်မခံဘဲ ငြင်းဆန်ပယ်ချထားဆဲဖြစ်သည်။

ရမ်ဆေးသည် စာချုပ်သစ်အတွက် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို အသင်း၏လုပ်ခံလစာအများရရှိသူကစားသမားအဖြစ် စံချိန်စိုက်ထူထားသော အိုဇေးလ်ကဲ့သို့ ရရှိလိုကြောင်း တောင်းဆိုထားပြီး အကယ်၍ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တိုင်သည်အထိ စာချုပ်သစ်ဆွေးနွေးမှု အဆင်မပြေခဲ့ပါက ရမ်ဆေးကို ရောင်းထုတ်လိုက်ရန်အထိ အာဆင်နယ်အသင်းဒါရိုက်တာဘုတ်အဖွဲ့က စီစဉ်ထားပြီဖြစ်သည်။

အာဆင်နယ်အမှုဆောင်အရာရှိချုပ် ဂါဇီဒစ်သည် လက်ရှိတွင် အေစီမီလန်၏ကမ်းလှမ်းမှုများကို လက်ခံကာ အသင်းပြောင်းရွှေ့ရန် အလေးအနက်ထား စဉ်းစားနေပြီဖြစ်ပြီး အကယ်၍ အေစီမီလန်ထံသို့ ဂါဒီဇစ်ပြောင်းရွှေ့ဖြစ်ခဲ့ပါက ရမ်ဆေးကိုလည်း အေစီမီလန်ထံသို့ခေါ်ယူရန် ဂါဇီဒစ်က ကြိုးပမ်းလာဖွယ်ရှိနေသည်။