ပွဲကြိုအထောက်အကူပြု အချက်အလက်များ

ပွဲကြိုအထောက်အကူပြု အချက်အလက်များ

၁။ လက်စတာဟာ အဆင့်မြင့်တန်းပွဲစဉ်(အင်္ဂလန်ပထမတန်းပြိုင်ပွဲအမည်ဖြင့် ကျင်းပခဲ့စဉ်က အပါအ၀င်)အဖြစ် မန်ယူရဲ့အိမ်ကွင်းဆီကို ပွဲစဉ်ပေါင်း ၄၄ ပွဲ လာရောက်ယှဉ်ပြိုင်ခဲ့ဖူးပြီး အဲ့ဒီပွဲစဉ် ၄၄ ပွဲမှာ လက်စတာ အနိုင်ရခဲ့တာက သုံးပွဲတည်းသာ ရှိခဲ့ပါတယ်။

၂။ ပရီးမီးယားလိဂ်လို့ အမည်ပြောင်းလဲပြီးတဲ့နောက်ပိုင်းမှာ မန်ယူနဲ့ လက်စတာတို့ မန်ယူအိမ်ကွင်း အိုးလ်ထရက်ဖို့ဒ်မှာ ၁၈ ကြိမ် အားပြိုင်ပြီးပါပြီ။ လက်စတာဟာ အဲ့ဒီပွဲစဉ် ၁၈ ပွဲမှာ မန်ယူကို တစ်ပွဲတည်းသာ နိုင်ခဲ့ဖူးပါတယ်။ မန်ယူက ၁၃ ပွဲနိုင်ပြီး လေးပွဲကတော့ သရေကျခဲ့ပါတယ်။

၃။ မန်ယူဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ တစ်ပွဲတည်းသာ ရှုံးဖူးပြီး ၁၇ ပွဲ အနိုင်ရထားပါတယ်။

၎။ မန်ယူနည်းပြ မော်ရင်ညိုဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲမှာ ရှုံးပွဲမကြုံသေးတဲ့ နည်းပြတစ်ဦးဖြစ်ပါတယ်။ မော်ရင်ညိုဟာ သူဦးဆောင်တဲ့အသင်းတွေကို ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်တွေမှာ ရှစ်ပွဲအနိုင်ရစေခဲ့ပြီး တစ်ပွဲသာ သရေဖြစ်ခဲ့ပါတယ်။

၅။ မန်ယူဟာ ပြီးခဲ့တဲ့ဘောလုံးရာသီတုန်းက ပြိုင်ဘက်ကို ဦးဆောင်ဂိုးစတင်သွင်းယူနိုင်တဲ့ပွဲစဉ်ပေါင်း ၂၁ ပွဲရှိခဲ့ပြီး အဲ့ဒီ ၂၁ ပွဲလုံးမှာ အနိုင်ရလဒ်ကို မန်ယူက ရယူနိုင်ခဲ့ပါတယ်။

၆။ မန်ယူဟာ ၂၀၁၇-၁၈ ဘောလုံးရာသီတုန်းက ပြိုင်ဘက်ကို ဂိုးမပေးခဲ့ရတဲ့ ပွဲစဉ်ပေါင်း ၁၉ ပွဲအထိ ရှိခဲ့ပြီး ဒါဟာ ပြိုင်ပွဲဝင်အသင်း ၂၀ အနက် ဂိုးမပေးရတဲ့ပွဲအရေအတွက် အများဆုံးစံချိန်တစ်ခုလည်း ဖြစ်ခဲ့ပါတယ်။

၇။ လက်စတာဟာ နောက်ဆုံးယှဉ်ပြိုင်ကစားထားတဲ့ ပရီးမီးယားလိဂ်ရာသီဖွင့်ပွဲစဉ် ကိုးပွဲမှာ နိုင်ပွဲဆိုလို့ တစ်ပွဲတည်းသာ ရခဲ့ဖူးပါတယ်။

၈။ လက်စတာဟာ အဆင့်မြင့်တန်းပြိုင်ပွဲရဲ့ရာသီအဖွင့်ပွဲကို အဝေးကွင်းမှာ အနိုင်ရလဒ်နဲ့ မစတင်နိုင်ခဲ့တာ ဆယ်စုနှစ်ပေါင်းများစွာ ကြာရှည်သွားခဲ့ပါပြီ။ ၁၉၃၃ ခုနှစ်တုန်းက ရာသီဖွင့်ပွဲစဉ်မှာ အက်စတွန်ဗီလာကို အဝေးကွင်းမှာ နိုင်ခဲ့ပြီးတဲ့နောက်ပိုင်း အဝေးကွင်းနိုင်ပွဲရယူပြီး ဘောလုံးရာသီကို အစပြုနိုင်ခြင်း လက်စတာ မရှိတော့ပါဘူး။

၉။ လက်စတာတိုက်စစ်မှူး ဗာဒီဟာ မနှစ်ကဘောလုံးရာသီတုန်းက ထိပ်သီးခြောက်သီးလုံးကို ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ သူဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲသမိုင်းကြောင်းတစ်လျှောက်မှာ ထိပ်သီးအသင်းခြောက်သင်းလုံးကို ဂိုးသွင်းနိုင်တဲ့ ပထမဆုံးသော ကစားသမားပါ။ အဲ့ဒီစွမ်းဆောင်ရည်ကို ဒီနှစ်ဘောလုံးရာသီမှာရော ဗာဒီ ဆက်ထိန်းထားနိုင်စွမ်းရှိပါ့မလားကို စောင့်ကြည့်ရပါလိမ့်မယ်။