ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် အထူးအစီအစဉ်တစ်ရပ် ရေးဆွဲလိုက်ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ဟားဇတ်၏တန်ကြေးကို ပေါင်သန်း ၁၈၀ သို့တိုင် တိုးမြှင့်ပေးရန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က ဆုံးဖြတ်ထားကြောင်း Marca က ဖော်ပြထားသည်။

မက်ဒရစ်၊ အောက်တိုဘာ ၁၀

ရီးရဲလ်မက်ဒရစ်အသင်းတာဝန်ရှိသူများသည် ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် အထူးအစီအစဉ်တစ်ရပ် ရေးဆွဲလိုက်ပြီဖြစ်ပြီး ယခုတစ်ကြိမ်တွင်မူ ဟားဇတ်၏တန်ကြေးကို ပေါင်သန်း ၁၈၀ သို့တိုင် တိုးမြှင့်ပေးရန် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က ဆုံးဖြတ်ထားကြောင်း Marca က ဖော်ပြထားသည်။

ရီးရဲလ်မက်ဒရစ်သည် လွန်ခဲ့သည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ဟားဇတ်ကိုခေါ်ယူရန်အတွက် ချယ်လ်ဆီးထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင်သန်း ၁၅၀ ဖြင့် ကမ်းလှမ်းဆက်သွယ်ခဲ့ပြီး ယင်းကမ်းလှမ်းမှုကို ချယ်လ်ဆီးက လက်မခံဘဲ ပြောင်းရွှေ့ကြေးပေါင်သန်း ၂၀၀ တောင်းဆိုကာ ဈေးတင်းခံခဲ့သည့်အတွက် အဆုံးသတ်တွင် ဟားဇတ်အပြောင်းအရွှေ့မှာ အထမမြောက်နိုင်ဘဲ ပျက်ပြယ်သွားခဲ့ရခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် လက်ရှိတွင် ပြိုင်ပွဲအရပ်ရပ်၌ လေးပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးသည့်အခြေအနေကို ရင်ဆိုင်လိုက်ရပြီဖြစ်ပြီး ယင်းထက်ပို၍ ဆိုးရွားခဲ့သည်မှာ အဆိုပါပွဲစဉ်လေးပွဲလုံး၌ ရီးရဲလ်မက်ဒရစ်က ဂိုးပေါက်ပျောက်ခဲ့ခြင်းပင်ဖြစ်သည်။

စပိန်သတင်းမီဒီယာများသည် ရီးရဲလ်မက်ဒရစ်မှာ ဂျူဗင်တပ်ထံသို့ရောင်းထုတ်လိုက်သည့် စီရော်နယ်ဒို၏ကွက်လပ်ကို ထိပ်တန်းအဆင့်ကစားသမားတစ်ဦးခေါ်ယူ၍ အင်အားပြန်မဖြည့်ခဲ့သည့်အတွက် ယခုကဲ့သို့သော အကျိုးဆက်ရိုက်ခတ်မှုများကို ခံစားလာခဲ့ရခြင်းဖြစ်သည်ဟု ထောက်ပြထားပြီး ယင်းအတွက် ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်က ဟားဇတ်ကို ခေါ်ယူနိုင်ရေးအား တစ်ကျော့ပြန်လည် အစီအစဉ်ရေးဆွဲလာခဲ့ခြင်းဖြစ်သည်။

ဟားဇတ်သည် ချယ်လ်ဆီးနှင့်စာချုပ်သစ်ဆွေးနွေးနေသည့်ကိစ္စကို မတင်မကျသဘော ထုတ်ဖော်ပြောဆိုမှုများရှိလာခဲ့ပြီဖြစ်ပြီး ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြား၌ စာချုပ်သက်တမ်းတစ်နှစ်မျှသာ ကျန်ရှိတော့မည်ဖြစ်၍ စာချုပ်သစ်ချုပ်ဆိုနိုင်ခြင်း မရှိပါက ၎င်းကို ဈေးလျှော့၍ လက်လွှတ်ပေးရမည့်အခြေအနေတစ်ရပ်ကို ချယ်လ်ဆီးက မလွဲမသွေ ရင်ဆိုင်ရတော့မည်လည်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်ဇန်နဝါရီဈေးကွက်ဖွင့်လှစ်ချိန်၌ပင် အခွင့်အရေးရပါက ဟားဇတ်ကိုခေါ်ယူရေးကို စီစဉ်သွားဖွယ်ရှိနေသည်။