လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ကက်သရင်းမာယော်ဂါတိုင်ကြားထားသည့် အဓမ္မပြုကျင့်မှုကိစ္စရပ်အတွက် မေးခွန်းများ မေးမြန်းရန် စီစဉ်နေပြီဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လတ်စ်ဗီးဂတ်စ်၊ အောက်တိုဘာ ၁၀

လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့တာဝန်ရှိသူများသည် ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်ဒိုကို ကက်သရင်းမာယော်ဂါတိုင်ကြားထားသည့် အဓမ္မပြုကျင့်မှုကိစ္စရပ်အတွက် မေးခွန်းများ မေးမြန်းရန် စီစဉ်နေပြီဟု သတင်းထုတ်ပြန်ထားပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့သည် ပိတ်သိမ်းထားသော ယင်းအမှုကို မာယော်ဂါ၏ဆက်သွယ်တိုင်ကြားမှုအရ လွန်ခဲ့သည့်သီတင်းပတ်၌ အမှုပြန်ဖွင့်လိုက်ခြင်းဖြစ်ပြီး လက်ရှိတွင် ၎င်းတို့ရရှိထားသည့် အချက်အလက်များမှာ တစ်ဖက်သတ်တိုင်ကြားချက်များကို အခြေခံထားသည့်အတွက် ပြည့်စုံမှုမရှိကြောင်း၊ စီရော်နယ်ဒိုကို မေးခွန်းများ မေးမြန်းခွင့်ရနိုင်မှသာလျှင် အမှုကို သဲလွန်စပြန်ကောက်နိုင်လိမ့်မည်ဖြစ်ကြောင်း လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့၏အရာရှိတစ်ဦးက ရှင်းပြသွားခဲ့သည်။

လတ်စ်ဗီးဂတ်စ်ရဲတပ်ဖွဲ့သည် ယခုအမှုအတွက် စီရော်နယ်ဒိုကို ဖမ်းဆီးထိန်းသိမ်းနိုင်ရန်လည်း အခက်အခဲများရှိနေပြီး အကယ်၍ လတ်ဗီးဂတ်စ်ရဲတပ်ဖွဲ့နှင့် ဥရောပရဲတပ်ဖွဲ့အကြား တရားခံဖမ်းဆီးရမိရေးကို ပူးပေါင်းဆောင်ရွက်ခဲ့သည့်တိုင် ၎င်း၏မွေးရပ်မြေ ပေါ်တူဂီနိုင်ငံသို့ စီရော်နယ်ဒိုက ပြောင်းရွှေ့နေထိုင်လိုက်မည်ဆိုပါက မည်သို့မျှ ဖမ်းမိနိုင်ရန် မလွယ်တော့ကြောင်း ဝါရင့်ရှေ့နေတစ်ဦးက ပြောကြားထားပြီလည်းဖြစ်သည်။

စီရော်နယ်ဒိုသည် ၂၀၀၉ ခုနှစ် နွေရာသီကာလတွင် အမေရိကန်ပြည်ထောင်စုသို့ အပန်းဖြေအလည်အပတ်ခရီး သွားရောက်ခဲ့ရာ၌ မာယော်ဂါကို အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ပြီး နောက်ပိုင်းတွင်မူ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုများအရ နှုတ်ပိတ်ခပမာဏ ပေါင် ၂၈၇,၀၀၀ ကို မာယော်ဂါက သဘောတူရယူကာ အဖြစ်အပျက်အားလုံးကို ပြည်ဖုံးကားချ၍ တိတ်တဆိတ်နေပေးခဲ့ခြင်းဖြစ်သည်။