ရီးရဲလ်မက်ဒရစ်အသငင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ခေတ်သစ်ကြယ်စင်စုအသင်းသစ်တစ်သင်းတည်ထောင်မှုကို ပေါင်သန်း ၃၃၀ အကုန်အကျခံကာ ဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

မက်ဒရစ်၊ စက်တင်ဘာ ၁၄

ရီးရဲလ်မက်ဒရစ်အသငင်းဥက္ကဋ္ဌ ပီရက်ဇ်သည် ခေတ်သစ်ကြယ်စင်စုအသင်းသစ်တစ်သင်းတည်ထောင်မှုကို ပေါင်သန်း ၃၃၀ အကုန်အကျခံကာ ဆောင်ရွက်သွားရန် စီစဉ်နေပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ပီရက်ဇ်သည် ခေတ်သစ်ဂလက်တီကို့စ်ကြယ်စင်စုအသင်းတည်ထောင်ရန်အတွက် ရီးရဲလ်မက်ဒရစ်ထံသို့ခေါ်ယူမည့် ကစားသမားစာရင်းကိုပင် ရေးဆွဲထားပြီဖြစ်ပြီး ယင်းစာရင်းတွင် ထိပ်ဆုံးနေရာက ပါရှိနေသူများမှာ ပီအက်စ်ဂျီအသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းနေသည့် နေမာနှင့် အမ်ဘတ်ပေတို့ဖြစ်ကြသည်။

ရီးရဲလ်မက်ဒရစ်သည် စီရော်နယ်ဒိုကို ဂျူဗင်တပ်ထံသို့ ရောင်းထုတ်လိုက်အပြီးတွင် ကွင်းဝင်ပရိသတ်အရေအတွက် ကျဆင်းမှုနှင့် ဏဏ္ဍအရပ်ရပ်ဝင်ငွေ လျော့ကျမှု စသည့်အခြေအနေများကို ရင်ဆိုင်နေရပြီဖြစ်ပြီး ယင်းအခြေအနေကို အလှည့်အပြောင်း ပြန်လုပ်နိုင်ရန်အတွက် နာမည်ကျော်ကစားသမားအချို့ ပြန်လည်ခေါ်ယူနိုင်မှဖြစ်တော့မည်ဟု ဥက္ကဋ္ဌ ပီရက်ဇ်က ဆုံးဖြတ်ချက်ချမှတ်လိုက်ပြီလည်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်သည် ပိတ်သိမ်းပြီးစီးသွားခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်၌ ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်ကို ခေါ်ယူရန်အတွက် ချိတ်ဆက်မှုများရှိခဲ့ပြီး အသင်းနှစ်သင်းအကြားတွင် ပြောင်းရွှေ့ကြေးပမာဏ ညှိနှိုင်းမရဖြစ်ခဲ့သည့်အတွက် ဟားဇတ်အပြောင်းအရွှေ့မှာ အထမမြောက်နိုင်ဖြစ်သွားခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် ၎င်းခေါ်ယူလိုသည့် ကစားသမားစာရင်းတွင် ဟားဇတ်ကိုလည်း ထည့်သွင်းထားဆဲဖြစ်ပြီး ချယ်လ်ဆီးနှင့် ဟားဇတ်အကြားတွင် စာချုပ်သစ် အကောင်အထည်မပေါ်သေးသည့်အချက်က ရီးရဲလ်မက်ဒရစ်အတွက် အခွင့်ကောင်းတစ်ရပ်သဖွယ်ဖြစ်နေဆဲဖြစ်သည်။

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်သာ ကျန်ရှိတော့မည်ဖြစ်၍ ၎င်း၏တန်ကြေးပမာဏမှာ ထက်ဝက်နီးပါးလျော့ကျသွားတော့မည်ဖြစ်ပြီး ယင်းအတွက် ဟားဇတ်ကို လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်မတိုင်မီ စာချုပ်သစ်ချုပ်နိုင်ရန် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက အပူတပြင်း ကြိုးပမ်းနေကြခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နှင့် စပွန်ဆာစာချုပ်များချုပ်ဆိုထားသည့် စီးပွားရေးလုပ်ငန်းစုများသည်လည်း ဈေးကွက်ပုံရိပ် ထိခိုက်မှုများရှိနေခြင်းကြောင့် ဥက္ကဋ္ဌပီရက်ဇ်ကို ထိပ်သီးကစားသမားခေါ်ယူမှုများဆောင်ရွက်ရန် အဆက်မပြတ် တိုက်တွန်းမှုများရှိနေသည်။