လီဗာပူးနည်းပြ ဂျာဂင်ကလော့ပ်သည် ဥရောပဘောလုံးအဖွဲ့ချုပ်(ယူအီးအက်ဖ်အေ)က လက်ရှိ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်လိုက်သည့် ဥရောပနိုင်ငံများလိဂ်ဘောလုံးပြိုင်ပွဲကို ကမ္ဘာ့ဘောလုံးလောက၏စိတ်ပျက်စရာအကောင်းဆုံးသောပြိုင်ပွဲဟု ဝေဖန်အပြစ်တင်လိုက်ကြောင်း Sportmail က ဖော်ပြထားသည်။

လီဗာပူး၊ အောက်တိုဘာ ၈

ယခုသီတင်းပတ် ပရီးမီးယားလိဂ်ပွဲစဉ်(၈)အပြီးတွင် အမှတ်ပေးဇယား၏ထိပ်ဆုံးသုံးနေရာတွင် ရပ်တည်နေသော မန်စီးတီး၊ ချယ်လ်ဆီးနှင့် လီဗာပူးတို့အကြားတွင် ရမှတ် ၂၀ စီ တူညီသွားခဲ့ပြီဖြစ်ပြီး လိဂ်ပြိုင်ပွဲများအားလုံး အရှိန်တစ်ခုရနေချိန်တွင် နိုင်ငံတကာပွဲစဉ်များကစားရန် လက်ရွေးစင်အသင်းများထံသို့ ကစားသမားများ စေလွှတ်ပေးရသည်မှာ အလွန်ပင် စိတ်ပျက်ဖွယ်ကောင်းလှကြောင်း ဂျာဂင်ကလော့ပ်က ပြောကြားသွားခဲ့သည်။

ဂျာဂင်ကလော့ပ်သည် နိုင်ငံတကာပွဲစဉ်များ ၀င်ရောက်လာခြင်းမှာ ကလပ်အသင်းများ၏အထိုင်ကျနေမှုကို ပျက်စီးသွားတတ်စေလေ့ရှိကြောင်းလည်း မှတ်ချက်ပေးသွားခဲ့ပြီး အရေးမပါသော ဥရောပနိုင်ငံများလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်နေချိန်တွင် ၎င်းအနေနှင့် အသင်းကစားသမားများ ဒဏ်ရာမရစေရန်ကိုသာ ရည်ရွယ်ဆုတောင်းရလေ့ရှိကြောင်း ဂျာဂင်ကလော့ပ်က ဆက်လက် အသိပေးသွားခဲ့သေးသည်။

လီဗာပူးသည် နိုင်ငံတကာပွဲစဉ်သီတင်းပတ်ကျော်လွန်ပြီးပါက ဟတ်ဒါးစဖီးလ်၊ ဇဗက်ဇဒါ(ချန်ပီယံလိဂ် ပထမအကျော့)၊ ကာဒစ်ဖ်၊ အာဆင်နယ်၊ ဇဗက်ဇဒါ(ချန်ပီယံလိဂ် ဒုတိယအကျော့)၊ ဖူလ်ဟမ်တို့နှင့်ယှဉ်ပြိုင်ရမည်ဖြစ်၍ အတိုင်းအတာတစ်ရပ်အထိ ပွဲစဉ်ချောင်လျက်ရှိပြီး ပရီးမီးယားလိဂ်မှာ တစ်နှစ်ထက်တစ်နှစ် ပို၍ပို၍ အမှားမခံတော့သည့်အခြေအနေမျိုးဖြစ်လာ၍ ပွဲစဉ်တိုင်းကို သတိကြီးကြီးထားကာ ကစားနိုင်မှသာ တော်ကာကျနိုင်လိမ့်မည်ဟု ဂျာဂင်ကလော့ပ်က သုံးသပ်ထားသည်။