ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ဂိုးသမား ကော်တွာကို လက်လွှတ်ရသည့်အခြေအနေဖြစ်ပေါ်လာခဲ့ပါက ယင်းကွက်လပ်ကို အစားဖြည့်ရန်အတွက် အေစီမီလန်ဂိုးသမား ဒွန်နာရမ်းမားကိုခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

လန်ဒန်၊ မတ် ၁၃

ကော်တွာသည် ချယ်လ်ဆီးအသင်းတာဝန်ရှိသူများက ၎င်းင်းကို စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းထားသည်ကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး ယင်းအတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် ကော်တွာနှင့် ချယ်လ်ဆီးအသင်းအကြား၌ ချုပ်ဆိုထားသောစာချုပ်၏သက်တမ်းမှာ တစ်နှစ်မျှသာ ကျန်ရှိတော့မည်ဖြစ်သည်။

ရီးရဲလ်မက်ဒရစ်ဥက္ကဋ္ဌ ပီရက်ဇ်သည် လာမည့်နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပွဲထွက်ဂိုးသမား ကေလာနားဗတ်စ်၏ကွက်လပ်ကို အစားဖြည့်ရန်အတွက် ထိပ်တန်းအဆင့်ဂိုးသမားတစ်ဦးခေါ်ယူလိုလျက်ရှိပြီး ပီရက်ဇ်၏ပစ်မှတ်စာရင်းတွင် ကော်တွာနှင့်အတူ မန်ယူဂိုးသမား ဒီဂီယာလည်း ပါဝင်လျက်ရှိသည်။

ဒွန်နာရမ်းမားသည် လက်ရှိတွင် အေစီမီလန်အသင်းပရိသတ်များက ၎င်းကို ငွေမက်သူတစ်ဦးဟု သတ်မှတ်ဆက်ဆံနေသည့်အတွက် စိတ်ပျက်လက်ပျက်ဖြစ်နေပြီး ၎င်း၏အေးဂျင့်အဖြစ် တာဝန်ထမ်းဆောင်နေသော ရိုင်အိုလာကလည်း ဒွန်နာရမ်းမားမှာ အေစီမီလန်ကိုစွန့်ခွာ၍ အသင်းပြောင်းသင့်နေပြီဟု တိုက်တွန်းလျက်ရှိသည်။

ကော်တွာသည် ၎င်းအနေနှင့် စပိန်နိုင်ငံရှိ ၎င်းင်းဇနီးသည်နှင့် ရင်သွေးများကို လွမ်းဆွတ်သည့်အတွက် အခွင့်ရမည်ဆိုပါက စပိန်နိုင်ငံသို့ ပြောင်းရွှေ့ခွင့်ရလိုသည်ဟု ဖွင့်ဟ၀န်ခံထားပြီဖြစ်ပြီး ယင်းအတွက် ရီးရဲလ်မက်ဒရစ်ဘက်က ၎င်းကိုခေါ်ယူရန် တရားဝင်ကမ်းလှမ်းဆက်သွယ်လာခဲ့မည်ဆိုပါက ကော်တွာမှာ ချယ်လ်ဆီးကို စွန့်ခွာ၍ အသင်းပြောင်းရန် ကျိန်းသေကြိုးပမ်းလာဖွယ်ရှိနေသည်။