အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် သြစတြေးလျ ဆီမီးပရိုကလပ် အေဗွန်ဒေးလ်ထံတွင် ကစားသမားဘ၀ကို တစ်ကျော့ပြန်လည်ဖြတ်သန်းရန် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

တူရင်၊ စက်တင်ဘာ ၁၃

အီတလီလက်ရွေးစင်ကွင်းလယ်ကစားသမားဟောင်း ပီယာလိုသည် သြစတြေးလျ ဆီမီးပရိုကလပ် အေဗွန်ဒေးလ်ထံတွင် ကစားသမားဘ၀ကို တစ်ကျော့ပြန်လည်ဖြတ်သန်းရန် ဆွေးနွေးညှိနှိုင်းနေပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

အေစီမီလန်၊ ဂျူဗင်တပ်တို့နှင့်အတူ သမိုင်းဝင်အောင်မြင်မှုများကို ရရှိပိုင်ဆိုင်ခဲ့သော ပီယာလိုသည် အမေရိကန်မေဂျာလိဂ်ကလပ် နယူးယောက်စီးတီးထံတွင် ဘောလုံးရာသီ သုံးရာသီကြာ ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီးသည့်နောက်၌ လွန်ခဲ့သည့် ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် ဘောလုံးလောကကို ကျောခိုင်းနှုတ်ဆက်လိုက်ကာ ၎င်းနှင့် အေဗွန်ဒေးလ်အသင်းအကြားတွင် ဆွေးနွေးညှိနှိုင်းမှုများရှိနေကြောင်းကို ပီယာလိုက အတည်ပြုထားပြီလည်းဖြစ်သည်။

အေဗွန်ဒေးလ်သည် ရှေ့လာမည့် သီတင်းပတ် ဗုဒ္ဓဟူးနေ့တွင် ဆစ်ဒနီအက်ဖ်စီနှင့်ယှဉ်ပြိုင်ရမည့် သြစတြေးလျဘောလုံးအဖွဲ့ချုပ်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ပီယာလိုကို အသင်းလူစာရင်း၌ ထည့်သွင်းအသုံးပြုနိုင်ရန် ဆန္ဒရှိနေပြီး အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်သော ပီယာလိုမှာ ဒဏ်ရာပြဿနာများကြောင့် ကြံ့ခိုင်မှုပိုင်းဆိုင်ရာ အားနည်းချက်များရှိနေသည့်အတွက် ၎င်းကို ခေါ်ယူရရှိခဲ့သည့်တိုင် ပွဲစဉ်အနည်းငယ်ခန့်မျှသာ အေဗွန်ဒေးလ်အနေနှင့် အသုံးပြုနိုင်ဖွယ်ရှိနေသည်။