မန်ယူနည်းပြ မော်ရင်ညိုသည် ယခုသီတင်းပတ်အတွင်း၌ အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်နှင့်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားပြီဖြစ်ပြီး ယင်းသို့ဆွေးနွေးရာတွင် ၎င်း၏အနာဂတ်နှင့်စပ်လျဉ်း၍ တိကျသောအာမခံချက်တစ်ရပ်ပေးအပ်ရန် အက်ဒ်ဝုဒ်ဝါးဒ်ကို မော်ရင်ညိုက တောင်းဆိုလိမ့်မည်ဖြစ်ကြောင်း The Mirror က ဖော်ပြထားသည်။

မန်ချက်စတာ၊ အောက်တိုဘာ ၉

ယခုသီတင်းပတ်အတွင်း၌ နိုင်ငံတကာပွဲစဉ်များယှဉ်ပြိုင်ကစားမည်ဖြစ်၍ လိဂ်ပွဲစဉ်များကို ရပ်နားထားမည်ဖြစ်ပြီး ယင်းအတွက် အက်ဒ်ဝုဒ်ဝါးဒ်နှင့် ၎င်းအကြားတွင် အသင်း၏လက်ရှိအခြေအနေများနှင့်စပ်လျဉ်း၍ အေးဆေးစွာ စကားပြောဆိုနိုင်လိမ့်မည်ဟုလည်း မော်ရင်ညိုက ယူဆထားသည်။

မန်ယူအသင်းတာဝန်ရှိသူများသည် ယခုသီတင်းပတ်ကုန်တွင် ဒါရိုက်တာဘုတ်အဖွဲ့အစည်းဝေးပွဲကျင်းပမည်ဖြစ်ပြီး ယင်းအစည်းအဝေးပွဲမတိုင်မီတွင် ၎င်း၏လိုလားချက်များကို တင်ပြနိုင်စေရန်အတွက် လန်ဒန်မြို့တွင် အက်ဒ်ဝုဒ်ဝါးဒ်နှင့်တွေ့ဆုံရန် မော်ရင်ညိုက စီစဉ်လိုက်ခြင်းဖြစ်သည်။

မော်ရင်ညိုသည် ၎င်းအနေနှင့် အသင်းကို ဖိအားများစွာဖြင့် ဦးဆောင်ရသောအခြေအနေကို မလိုလားတော့ကြောင်း ဖွင့်ဟပြောကြားသွားပြီး အကယ်၍ ၎င်းကို သဘောမကျသောကြောင့် ရာထူးထုတ်ပယ်မည်ဆိုလျှင်လည်း ကျေနပ်စွာခံယူလိုက်ရန် အသင့်ပြင်ထားပြီးဖြစ်သည်ဟု မော်ရင်ညိုက ပြောကြားထားသည်။

မော်ရင်ညိုသည် ၎င်းကို အသင်းနည်းပြအဖြစ် ဆက်လက်တာဝန်ပေးအပ်မည်ဆိုပါက လာမည့်ဇန်နဝါရီလတွင် ၎င်းအလိုရှိသော ကစားသမားအချို့ခေါ်ယူပေးရန် တောင်းဆိုတော့မည်ဖြစ်ပြီး အသင်းနှင့်စာချုပ်သစ်မချုပ်လိုသော ကစားသမားများအနက်မှနေ၍အချို့ကို ဇန်နဝါရီဈေးကွက်တွင် ရောင်းထုတ်လိုက်ရန်လည်း မော်ရင်ညိုက စီစဉ်သွားတော့မည်ဖြစ်သည်။