အာဆင်နယ်အသင်းသည် ကွင်းလယ်ကစားသမား အိုဇေးလ်ကို စာချုပ်သစ် လက်မှတ်ရေးထိုးရန်အတွက် လက်ရှိဒီဇင်ဘာလအတွင်း၌ နောက်ဆုံးတစ်ကြိမ် ကမ်းလှမ်းသွားဦးမည်ဖြစ်ကာ ယခုတစ်ကြိမ် ကမ်းလှမ်းမည့် စာချုပ်သစ်တွင် တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့်ကို အိုဇေးလ်တောင်းဆိုထားသည်နှင့် အနီးစပ်ဆုံး ပေးချေသွားမည်ဖြစ်ကြောင်း အာဆင်နယ်အသင်းတာဝန်ရှိသူတစ်ဦးကလည်း ဖွင့်ဟအသိပေးထားပြီဖြစ်သည်ဟု Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ ဒီဇင်ဘာ ၁၂

အာဆင်နယ်အသင်းသည် အစောပိုင်း၌ အိုဇေးလ်ကို တစ်ပတ်လုပ်ခလစာအကျိုးခံစားခွင့် ပေါင် ၂၃၅,၀၀၀ ဖြင့် စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး ယင်းကမ်းလှမ်းမှုကို အိုဇေးလ်က လက်မခံနိုင်ကြောင်း ငြင်းဆန်လိုက်အပြီးတွင် ဒုတိယအကြိမ်မြောက်၌ တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်နှစ်သိန်းခွဲအထိ အာဆင်နယ်အသင်းတာဝန်ရှိသူများက တိုးမြှင့်ပေးအပ်ခဲ့ပြန်သည်။

အိုဇေးလ်သည် အသင်းနှင့်စာချုပ်သစ်လက်မှတ်ရေးထိုးရန်အတွက် တစ်ပတ်လုပ်ခလစာ အကျိုးခံစားခွင့်ကို ပေါင်သုံးသိန်း တောင်းဆိုထားပြီး အကယ်၍ ၎င်းတို့၏နောက်ဆုံးအကြိမ်ကမ်းလှမ်းမှုကို အိုးဇေးလ်ဘက်က လက်မခံခဲ့ပါက ၎င်းကို ရောင်းထုတ်လိုက်ရန် အာဆင်နယ်အသင်းတာဝန်ရှိသူများက စီစဉ်သွားတော့မည်ဖြစ်သည်။

မန်ယူနှင့် ဘာစီလိုနာတို့သည် အိုဇေးလ်ကို ခေါ်ယူရန် စောင့်ကြည့်မှုများရှိနေပြီး အာဆင်နယ်နည်းပြ အာစင်ဝင်းဂါးက အိုဇေးလ်နှင့် ဆန်းချက်ဇ်တို့ကို စာချုပ်သစ် မချုပ်နိုင်ခဲ့သည့်တိုင် ရာသီကုန်ဆုံးချိန်ထိ အသင်းတွင် ဆက်ထိန်းထားလိုသော်လည်း အသင်းအားကစားဒါရိုက်တာ ဆနယ်လီဟီနှင့် ဒါရိုက်တာဘုတ်အဖွဲ့ဝင်များကမူ စာချုပ်သစ်အထမြောက် အကောင်အထည်ပေါ်ခြင်း မရှိခဲ့ပါက ဇန်နဝါရီဈေးကွက်တွင် တန်ကြေးတစ်ရပ်သတ်မှတ်၍ အိုဇေးလ်ကို ရောင်းထုတ်လိုက်ဖွယ်ရှိနေပြီဖြစ်သည်။

အိုဇေးလ်သည် အာဆင်နယ်ဘက်က ယခုတစ်ကြိမ်ကမ်းလှမ်းမည့် စာချုပ်သစ်ကို လက်ခံလိုက်မည်ဆိုပါက ကလပ်အသင်းသမိုင်းကြောင်းတစ်လျှောက်တွင် စံချိန်တင်လုပ်ခလစာရရှိသူဖြစ်လာလိမ့်မည်ဟု ဆက်စပ်သတင်းများလည်း ထွက်ပေါ်လျက်ရှိသည်။