ချယ်လ်ဆီးအသင်းသည် ဂိုးသမား ကီပါကို အသင်းကစားသမားသစ်အဖြစ် တရားဝင်မိတ်ဆက်လိုက်ပြီဖြစ်ပြီး ကီပါမှာ ကော်တွာ၏နေရာကို အစားဝင်၍ ပွဲထွက်ဂိုးသမားတာဝန်ကို ယုံကြည်ချက်အပြည့်ဖြင့် ထမ်းဆောင်နိုင်လိမ့်မည်ဟု ၎င်းအနေနှင့် အခိုင်အမာ ယုံကြည်ထားပါကြောင်း နည်းပြ ဆာရီက ဖွင့်ဟပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ သြဂုတ် ၉

ချယ်လ်ဆီးသည် ကီပါအတွက် ဘီလ်ဘာအိုဘက်က သတ်မှတ်ထားသော စာချုပ်ဖျက်သိမ်းခတန်ကြေးကို အပြည့်အ၀ ပေးချေ၍ ခေါ်ယူလိုက်ခြင်းဖြင်းဖြစ်ပြီး ကီပါကို ရရှိရန်အတွက် ချယ်လ်ဆီးအသုံးပြုလိုက်သော ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၇၂ သန်းမှာ ဂိုးသမားတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးအဖြစ် မှတ်တမ်းဝင်သွားခဲ့ပြီလည်းဖြစ်သည်။

ကီပါသည် အပြောင်းအရွှေ့အတွက် ဆေးစစ်မှုများ အောင်မြင်ခဲ့အပြီးတွင် ချယ်လ်ဆီးနှင့် ခုနစ်နှစ်သက်တမ်း စာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီး ၎င်းမတိုင်မီတွင် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေးချေခေါ်ယူခြင်းခံရသော ဂိုးသမားအဖြစ် ရပ်တည်နေခဲ့သူမှာ ရိုးမားမှနေ၍ လီဗာပူးထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၆၆ ဒသမ ၈ သန်းဖြင့် ပြောင်းရွှေ့လာခဲ့သော ဘရာဇီးလက်ရွေးစင်ဂိုးသမား အယ်လ်လီဆန်ဖြစ်သည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာ ဂရာနော့ဗ်စကီးယားသည် ၎င်းတို့အနေနှင့် ကီပါအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးတစ်ရပ်ကို အသုံးပြုရန် ဆုံးဖြတ်လိုက်ခြင်းမှာ အနာဂတ်အတွက် အလားအလာကောင်းပေါင်းများစွာကို ပိုင်ဆိုင်ထားသော လူငယ်ကစားသမားတစ်ဦးဖြစ်နေ၍ဖြစ်သည်ဟု ရှင်းပြသွားခဲ့ပြီး ကီပါကို ခေါ်ယူရရှိလိုက်အပြီးတွင် အသင်းပွဲထွက်ဂိုးသမား ကော်တွာကို ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၃၅ သန်းဖြင့် ရောင်းချပေးရေးကိုလည်း ချယ်လ်ဆီးက သဘောတူညီလိုက်ပြီဖြစ်သည်။