အီတလီစီးရီးအေအမှတ်ပေးပြိုင်ပွဲတွင် အမှတ်ပေးဇယား၏အောက်ခြေသို့ရောက်ရှိနေသော ချီယေဗိုအသင်းသည် အီတလီလက်ရွေးစင်အသင်းနည်းပြဟောင်း ဗင်ကျူရာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ရောမ၊ အောက်တိုဘာ ၁၁

အီတလီစီးရီးအေအမှတ်ပေးပြိုင်ပွဲတွင် အမှတ်ပေးဇယား၏အောက်ခြေသို့ရောက်ရှိနေသော ချီယေဗိုအသင်းသည် အီတလီလက်ရွေးစင်အသင်းနည်းပြဟောင်း ဗင်ကျူရာကို အသင်းနည်းပြသစ်အဖြစ် ခန့်အပ်တာဝန်ပေးလိုက်ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဗင်ကျူရာသည် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ခြေစစ်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ရာတွင် အီတလီအသင်း ခြေစစ်ပွဲကျရှုံးခဲ့သည့်အတွက် ရာထူးထုတ်ပယ်ခံလိုက်ရခြင်းဖြစ်ကာ ရာထူးထုတ်ပယ်ခံရအပြီး တစ်နှစ်နီးပါးအကြာတွင် ချီယေဗိုအသင်းနှင့်အတူ ဗင်ကျူရာက လုပ်ငန်းခွင် ပြန်ဝင်လိုက်ခြင်းဖြစ်သည်။

ချီယေဗိုအသင်းသည် ဗင်ကျူရာကို ၂ နှစ်သက်တမ်းစာချုပ်တစ်ရပ်ဖြင့် ခန့်အပ်တာဝန်ပေးခဲ့ခြင်းဖြစ်ပြီး စီးရီးအေပွဲစဉ်ရှစ်ပွဲ ယှဉ်ပြိုင်ပြီးချိန်တွင် ရမှတ် -၁ မှတ်ဖြင့် အမှတ်ပေးဇယား၏အောက်ခြေ၌ ရပ်တည်နေသော ချီယေဗိုကို စီးရီးအေ၌ တန်းဆက်လက်တင်ကျန်နိုင်စေရေး ဆောင်ရွက်ပေးနိုင်ရန်မှာ ၎င်း၏အဓိကရည်မှန်းချက်ဖြစ်သည်ဟု ဗင်ကျူရာက ပြောကြားထားသည်။

ဗင်ကျူရာသည် ဆမ်ဒိုးရီးယား၊ အူဒီးနီးစ်၊ ကက်ဂလီယာရီ၊ နာပိုလီ၊ ဟဲလပ်စ်ဗီရိုနာ၊ ပီဆာ၊ ဘာရီနှင့် တိုရီနိုစသည့် ကလပ်အသင်းများကို တာဝန်ယူကိုင်တွယ်ခဲ့သည့် ဝါရင့်နည်းပြတစ်ဦးဖြစ်ပြီး ချီယေဗိုအတွက် အဓိကလိုအပ်ချက်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာယုံကြည်မှုတစ်ခု ပြန်တည်ဆောက်နိုင်ရန်ဖြစ်ကြောင်း ဗင်ကျူရာက အသိပေးထားသည်။

ချီယေဗိုသည် ကစားသမားအပြောင်းအရွှေ့ဆောင်ရွက်ရာတွင် မလျော်ကန်သည့်နည်းလမ်းများကို အသုံးပြု၍ စည်းကမ်းပိုင်းဆိုင်ရာဖောက်ဖျက်ခဲ့သည့်အတွက် ရမှတ်သုံးမှတ်လျှော့ပြစ်ဒဏ် ကျခံထားရခြင်းဖြစ်ပြီး ယင်းကိစ္စရပ်နှင့်စပ်လျဉ်း၍ အီတလီဘောလုံးအဖွဲ့ချုပ်စည်းကမ်းထိန်းသိမ်းရေးကော်မတီကလည်း ချီယေဗိုဥက္ကဋ္ဌ ကမ်ပီဒယ်လ်လီကို ဘောလုံးလောကနှင့်ပတ်သက်ခွင့် သုံးလပိတ်ပင်ထားသည်။