မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဖွင့်ဟအသိပေးလိုက်ပြီး ကစားသမားဘ၀ဆက်လက်ဖြတ်သန်းရန်အတွက် ပေါ့ဂ်ဘာပြောင်းရွှေ့မည့်နေရာမှာ စပိန်နိုင်ငံဖြစ်သည်ဟုလည်း ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မန်ချက်စတာ၊ စက်တင်ဘာ ၁၄

မန်ယူကွင်းလယ်ကစားသမား ပေါ့ဂ်ဘာသည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အသင်းပြောင်းတော့မည်ဖြစ်ကြောင်း ၎င်း၏အေးဂျင့်ဖြစ်သူ ရိုင်အိုလာက ဖွင့်ဟအသိပေးလိုက်ပြီး ကစားသမားဘ၀ဆက်လက်ဖြတ်သန်းရန်အတွက် ပေါ့ဂ်ဘာပြောင်းရွှေ့မည့်နေရာမှာ စပိန်နိုင်ငံဖြစ်သည်ဟုလည်း ရိုင်အိုလာက အသိပေးသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

ရိုင်အိုလာသည် ပေါ့ဂ်ဘာမှာ ဂျူဗင်တပ်မှနေ၍ မန်ယူထံသို့ ပြောင်းရွှေ့ခဲ့စဉ်ကတည်းကပင် မန်ယူနှင့်အတူ အောင်မြင်မှု ရယူနိုင်သည်ဖြစ်စေ၊ မရယူနိုင်သည်ဖြစ်စေ အမြင့်ဆုံးအဖြစ် မန်ယူထံတွင် သုံးနှစ်သာကစားမည်ဟု စိတ်ပိုင်းဖြတ်ထားပြီးဖြစ်ကြောင်း ရှင်းပြသွားခဲ့ပြီး လက်ရှိတွင် ပေါ့ဂ်ဘာကို ခေါ်ယူရန်အတွက် ဘာစီလိုနာနှင့် ဂျူဗင်တပ်တို့က အေးဂျင့် ရိုင်အိုလာထံ အပြိုင်အဆိုင် ချိတ်ဆက်မှုများရှိနေကြပြီလည်းဖြစ်သည်။

ပေါ့ဂ်ဘာသည် ပြင်သစ်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များ ယှဉ်ပြိုင်ကစားရန် သွားရောက်ခဲ့ရာတွင် သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာ၌ အနာဂတ်၌ မည်သည့်နေရာတွင် မည်သူရှိနေမည်ကို တပ်အပ်သေချာ ပြောကြားနိုင်ရန် ခက်ခဲကြောင်း ဖွင့်ဟအသိပေးခဲ့ပြီး ယင်းပြောစကားမှာ မန်ယူမှနေ၍ ၎င်းထွက်ခွာတော့မည်ဟု အရိပ်အမြွက် ရည်ညွှန်းလျက်ရှိကြောင်း သတင်းမီဒီယာများက သုံးသပ်ထားကြသည်။

ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဘာတိုမြူသည် ဘာစီလိုနာကွင်းလယ်၏လိုအပ်ချက်ကွက်လပ်ကို ပေါ့ဂ်ဘာက ပြီးပြည့်စုံစွာ ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု မျှော်လင့်လျက်ရှိပြီး ဘာစီလိုနာထံသို့ ပြောင်းရွှေ့ဖြစ်ခဲ့ပါက မန်ယူတွင်ရရှိနေသော လုပ်ခလစာထက် ပိုမိုသည့်အကျိုးခံစားခွင့်ကို ရရှိရန်ရှိနေခြင်းမှာလည်း ပေါ့ဂ်ဘာအတွက် မက်လုံးတစ်ရပ်သဖွယ်ဖြစ်လျက်ရှိသည်။

ဂျူဗင်တပ်သည် လွန်ခဲ့သည့် နွေရာသီကာလ၌ တိုက်စစ်မှူး စီရော်နယ်ဒိုကို ခေါ်ယူရရှိလိုက်သည့်အတွက် စီရော်နယ်ဒိုနှင့်တွဲဖက်ကစားရန် အသင်းထံသို့ ပေါ့ဂ်ဘာပြန်လာစေလိုကြောင်း စည်းရုံးရေးဆင်းလျက်ရှိပြီး အေးဂျင့်ရိုင်အိုလာကမူ ပေါ့ဂ်ဘာထံတွင် အသင်းပြောင်းရွှေ့ရေးနှင့်စပ်လျဉ်း၍ တိကျသေချာသော အဖြေတစ်ရပ်ရှိနေပြီးဖြစ်နိုင်သည်ဟု အခိုင်အမာ ယုံကြည်လျက်ရှိသည်။

ပေါ့ဂ်ဘာသည် လက်ရှိအချိန်တိုင်သည်အထိ မန်ယူနည်းပြ မော်ရင်ညိုနှင့် ဆက်ဆံရေးအဆင်မပြေမှုများရှိနေပြီး မန်ယူအသင်းခေါင်းဆောင်ဟောင်း ဂယ်ရီနဗီးလ်ကမူ အသင်းအတွက် အာရုံစူးစိုက်မှုအပြည့်ဖြင့် ကစားပေးရန် မစဉ်းစားဘဲ စကားအမျိုးမျိုးကို ပြောကြား၍ ပေါ်ပြူလာဖြစ်ရန် ကြံစည်နေသော ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်သင့်ကြောင်း၊ အသင်းထက်ကြီးကျယ်သည့်ကစားသမားဟူ၍ မန်ယူအသင်းသမိုင်းတွင် မရှိကြောင်း၊ ပေါ့ဂ်ဘာကို ရောင်းထုတ်လိုက်ပါက မန်ယူမှာ ပိုကောင်းသွားလိမ့်မည်ဖြစ်ကြောင်း ပြောကြားထားသည်။