ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနည်းပြ မာတီနက်ဇ်၏လက်အောက်တွင် နည်းပြအဖွဲ့ဝင်တစ်ဦးအဖြစ် တာဝန်ထမ်းဆောင်နေသော ပြင်သစ်လက်ရွေးစင်တိုက်စစ်မှူးဟောင်း အွန်နရီသည် အင်္ဂလန်ချန်ပီယံရှစ်ကလပ် အက်စတွန်ဗီလာက နည်းပြရာထူး ကမ်းလှမ်းထားသည်ကို ငြင်းဆန်ပယ်ချလိုက်ပြီဖြစ်ပြီး လက်ရှိအခြေအနေများအရ အွန်နရီမှာ ၎င်းကစားသမားဘ၀အစပြုရာ မိုနာကိုအသင်း၏နည်းပြသစ်ဖြစ်လာရန် နီးစပ်နေကြောင်း The Sun The Sun က ဖော်ပြထားသည်။

လန်ဒန်၊ အောက်တိုဘာ ၁၀

မိုနာကိုအသင်းသည်  ပြိုင်ပွဲအရပ်ရပ်၌ ပွဲစဉ်ခုနစ်ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ပြီဖြစ်သည့်အတွက် အသင်းဒါရိုက်တာဘုတ်အဖွဲ့က နည်းပြဂျာဒင်းမ်ကို ရာထူးထုတ်ပယ်ရန် စီစဉ်နေပြီဖြစ်ကာ ဂျာဒင်းမ်ကို ရာထူးထုတ်ပယ်လိုက်ပါက ယင်းကွက်လပ်ကို အွန်နရီဖြင့် အစားပြန်ဖြည့်ရန် မိုနာကိုအသင်းတာဝန်ရှိသူများက ဆုံးဖြတ်ထားပြီးဖြစ်သည်။

အွန်နရီသည် လက်ရှိတွင် ဥရောပနိုင်ငံများလိဂ်ပွဲစဉ်များ ယှဉ်ပြိုင်ကစားမည့် ဘယ်လ်ဂျီယံအသင်းအတွက် တာဝန်ထမ်းဆောင်ပေးနေဆဲဖြစ်ကာ အကယ်၍ အသင်းဘက်က ကမ်းလှမ်းမှုကို အွန်နရီ လက်မခံခဲ့ပါက ဆဲလ်တစ်နည်းပြ ဘရင်ဒန်ရော့ဒ်ဂျားစ်နှင့် ဘရန့်ဖို့ဒ်နည်းပြ ဒင်းန်စမစ်တို့ကို ပြောင်းလဲဆက်သွယ်သွားမည်ဟု မိုနာကိုအမှုဆောင်အရာရှိချုပ် ခရစ္စတီယန် ပါဆလိုက ရည်ရွယ်ထားသည်။

အက်စတွန်ဗီလာအသင်းသည် အွန်နရီကို ခေါ်ယူနိုင်ရန် အဆင်မပြေဖြစ်ခဲ့ရအပြီးတွင် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ကစားသမားဘ၀မှနေ၍ အနားယူလိုက်သော ဂျွန်တယ်ရီကို နည်းပြရာထူးကမ်းလှမ်းကြည့်ရန် စီစဉ်နေပြီဖြစ်ပြီး ဂျွန်တယ်ရီမှာ အစောပိုင်းကတည်းကပင် အက်စတွန်ဗီလာနည်းပြအဖြစ် အွန်နရီ တာဝန်ယူဖြစ်ခဲ့ပါက အွန်နရီ၏လက်အောက်တွင် လက်ထောက်နည်းပြအဖြစ် ခန့်အပ်ခံရရန် ရေပန်းစားနေခဲ့သူဖြစ်သည်။