မန်ယူနည်းပြ မော်ရင်ညိုသည်အသင်းဗဟိုခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ၎င်း၏တပည့်ဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ချယ်လ်ဆီးနောက်ခံလူ ဇူးမားကို ခေါ်ယူရန် ပြင်ဆင်နေပြီဖြစ်ကာ မန်ယူပရိသတ်များမှာ ဇူးမားကို ခေါ်ယူရန် မန်ယူ စီစဉ်နေပြီဖြစ်ကြောင်း သတင်းထွက်ပေါ်လာချိန်ကစ၍ ပြင်းပြင်းထန်ထန် ဝေဖန်လျက်ရှိကြောင်း The Mirror က ဖော်ပြထားသည်။

မန်ချက်စတာ၊ သြဂုတ် ၉

မော်ရင်ညိုသည် အသင်းဗဟိုခံစစ်ကို အင်အားဖြည့်တင်းရန်အတွက် ကစားသမားတစ်ဦးခေါ်ယူပေးပါရန် အသင်းဒါရိုက်တာဘုတ်အဖွဲ့ကို တောင်းဆိုထားပြီး ၎င်းအလိုရှိသော စပါးနောက်ခံလူ အယ်လ်ဒါဝိုင်ရဲလ်၊ လက်စတာနောက်ခံလူ မာဂွီရေးနှင့် ဘာစီလိုနာနောက်ခံလူ ယာရီမီနာတို့ကို ခေါ်ယူနိုင်ရန် အဆင်မပြေမှုများရှိလာခဲ့အပြီးတွင် မော်ရင်ညိုက ဇူးမားဘက်သို့ ဦးလှည့်လိုက်ခြင်းဖြစ်သည်။

ချယ်လ်ဆီးအသင်းတာဝန်ရှိသူများသည် ဇူးမားကို ရောင်းထုတ်ရန် စီစဉ်ထားသော်လည်း အနီးကပ်ပြိုင်ဘက်ထံသို့မူ ရောင်းထုတ်ပေးလိုခြင်း မရှိဘဲ အခြေအနေကို စောင့်ကြည့်နေဆဲဖြစ်ပြီး မန်ယူအသင်းဒါရိုက်တာဘုတ်အဖွဲ့ဘက်က ၎င်းအလိုရှိသော ကစားသမားများကို ခေါ်ယူပေးရန် ပျက်ကွက်ခဲ့အပြီးတွင် မော်ရင်ညိုမှာ အရေးပေါ်ဆေးမြီးတိုများဖြင့် အသင်းကို ကုစားရန် ကြံရွယ်လာခဲ့ပြီဟု မန်ယူပရိသတ်များက မှတ်ချက်ပေးထားကြသည်။

မော်ရင်ညိုသည် လက်ရှိနွေဈေးကွက်အတွင်း အဓိကကစားသမားသစ် ငါးဦးအထိ ခေါ်ယူ၍ အသင်းကို စုဖွဲ့ပြင်ဆင်ရန် ကြံရွယ်ထားခဲ့ခြင်းဖြစ်ပြီး အသင်းအမှုဆောင်အရာရှိချုပ် အက်ဒ်ဝုဒ်ဝါးဒ်မှာ ၎င်းခေါ်ယူလိုသော ကစားသမားများကို သိရှိထားပြီးဖြစ်သော်လည်း ဆွေးနွေးမှုများကို အောင်မြင်အောင် ဆောင်ရွက်မပေးခဲ့ဟုလည်း မော်ရင်ညိုက ယူဆမှုများရှိနေသည်။