မန်ယူအသင်းသည် အသင်းပွဲထွက်ဂိုးသမား ဒီဂီယာကို လက်လွှတ်ရဖွယ် အခြေအနေများ ဖြစ်ပေါ်လာခဲ့ပြီဖြစ်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှ ရှုံးနိမ့်ထွက်ခွာလိုက်ရအပြီးတွင် ဒီဂီယာမှာ မန်ယူကို စွန့်ခွာရန် တစ်ကျော့ပြန်လည် စဉ်းစားမှုများရှိလာခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ချက်စတာ၊ မတ် ၁၄

ဒီဂီယာသည် ဆီဗီလာက မန်ယူကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သော ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်အပြီးတွင် အသင်းစွမ်းဆောင်ရည်ကို လွန်စွာ စိတ်ပျက်လက်ပျက်ဖြစ်သွားခဲ့ပြီး ဒီဂီယာ၏စိတ်ပျက်မှုမှာ ၎င်း၏မျက်နှာတွင် အတိုင်းသားပင် ပေါ်လွင်နေခဲ့ကြောင်း သတင်းမီဒီယာများက သုံးသပ်ထားကြသည်။

မန်ယူသည် လက်ရှိအချိန်တွင် ဒီဂီယာကို စာချုပ်သစ်ချုပ်ရန် ကမ်းလှမ်းထားပြီး ဒီဂီယာနှင့် မန်ယူအကြားတွင် စာချုပ်သစ် အကောင်အထည်ပေါ်လာနိုင်မည့် အခြေအနေ ရှိ၊ မရှိအပေါ်တွင်မူတည်၍ ရီးရဲလ်မက်ဒရစ်က ၎င်းကို ကမ်းလှမ်းရန် စီစဉ်နေပြီဖြစ်သည်။

ဒီဂီယာနှင့် မန်ယူအသင်းအကြားတွင် ချုပ်ဆိုထားသော လက်ရှိစာချုပ်သည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းအားဖြင့် တစ်နှစ်တည်းသာ ကျန်ရှိတော့မည်ဖြစ်ပြီး စာချုပ်သစ် လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါက ဒီဂီယာကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် လက်လွှတ်လိုက်ရသည့်အခြေအနေများ ဖြစ်ပေါ်လာနိုင်သည့်အတွက် ယင်းအစား လာမည့်နွေဈေးကွက်တွင် ရောင်းထုတ်လိုက်ရေးကို မန်ယူက ဦးတည်ဖွယ်ရှိနေသည်။