မန်ယူအသင်းသည် ဘောလုံးကွင်းတွင်း အောင်မြင်မှုများ လျော့ကျနေသော်လည်း ဘောလုံးကွင်းပြင်ပ စီးပွားရေးနယ်ပယ်တွင်မူ ထိပ်တန်းပုံရိပ်တစ်ခုကို ပိုင်ဆိုင်ထားဆဲဖြစ်ကာ လက်ရှိတွင် စကော့တလန်နိုင်ငံအခြေစိုက် ချီးဗားစ်ဝီစကီ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုက မန်ယူနှင့် သုံးနှစ်သက်တမ်း စပွန်ဆာစာချုပ်တစ်ရပ်ကို လက်မှတ်ရေးထိုးလိုက်ပြီဖြစ်ကြောင်း Mail Online က ဖော်ပြထားသည်။

လော့စ်အိန်ဂျလိစ်၊ သြဂုတ် ၉

ချီးဗားစ်ဝီစကီထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုသည် ၎င်းတို့၏ထုတ်ကုန်များကို မန်ယူကစားသမားများနှင့် ကြော်ငြာရိုက်ကူးထားခဲ့ပြီဖြစ်ကာ ယင်းကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ပေးခဲ့ကြသူများမှာ ဆန်းချက်ဇ်၊ ဗလင်စီယာနှင့် စမောလင်းတို့ဖြစ်ပြီး ကြော်ငြာကို အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် ရိုက်ကူးခဲ့ခြင်းဖြစ်သည်ဟု မန်ယူက သတင်းထုတ်ပြန်ထားသည်။

ဒီဂီယာ၊ ရိုမီယို၊ စမောလင်း၊ လင်းဂတ်ဒ်နှင့် ဗလင်စီယာတို့သည် ချီးဗားစ်ဝီစကီအတွက် ဗီဒီယိုကြော်ငြာရိုက်ကူးရာတွင် ပါဝင်သရုပ်ဆောင်ပေးခဲ့ပြီး ဗလင်စီယာနှင့် စမောလင်းတို့မှာ ကြော်ငြာဓာတ်ပုံများ ရိုက်ကူးရာတွင်လည်း ဆန်းချက်ဇ်နှင့်အတူ ပူးပေါင်းပါဝင်ခဲ့ကြခြင်းဖြစ်သည်။

မန်ယူသည် အချိုရည်ထုတ်လုပ်ရေးလုပ်ငန်းစုများဖြစ်သော CHI၊ VIVA တို့နှင့်လည်း စပွန်ဆာစာချုပ်များ လက်မှတ်ရေးထိုးထားပြီး ယင်းအချိုရည်များမှာ နိုင်ဂျီးရီးယားဈေးကွက်ကို မန်ယူအသင်း၏ပုံရိပ်ဖြင့် ထိုးဖောက်လိုခြင်းကြောင့် ယခုကဲ့သို့ စပွန်ဆာစာချုပ် ချုပ်ဆိုလိုက်ခြင်းဖြစ်သည်။