ဘာစီလိုနာတိုက်စစ်မှူး မက်ဆီသည် ဗလင်စီယာနှင့် ဘာစီလိုနာတို့ တစ်ဖက်နှင့်တစ်ဖက် တစ်ဂိုးစီသရေကျခဲ့သည့် စပိန်လာလီဂါပွဲစဉ်တွင် သွင်းဂိုးတစ်ဂိုး ရယူလိုက်နိုင်ခြင်းနှင့်အတူ ပြက္ခဒိန်နှစ် ၁၀ နှစ်ဆက်တိုက် သွင်းဂိုး ၄၀ နှင့်အထက် ရယူနိုင်သည့်ကစားသမားအဖြစ် စံချိန်တစ်ရပ်တင်ရှိလိုက်နိုင်ပြီဖြစ်ကြောင်း Marca က ဖော်ပြထားသည်။

ဘာစီလိုနာ၊ အောက်တိုဘာ ၈

မက်ဆီသည် လက်ရှိ ၂၀၁၈ ခုနှစ်အတွင်းတွင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းတို့ကို ကိုယ်စားပြု၍ သွင်းဂိုး ၄၁ ဂိုး ရရှိထားပြီဖြစ်ပြီး ဘာစီလိုနာနည်းပြ ဗယ်လ်ဗာဒီက မက်ဆီမှာ လက်ရှိခြေစွမ်းအရ ရှေ့လာမည့် ပြက္ခဒိန်နှစ်သုံးနှစ်ခန့် ယခုစံချိန်ကို ဆက်လက်ထိန်းသိမ်းထားနိုင်လိမ့်မည်ဟု ထုတ်ဖော်ချီးကျူးသွားခဲ့သည်။

မက်ဆီသည် လက်ရှိဘောလုံးရာသီတွင် လာလီဂါသွင်းဂိုး ခြောက်ဂိုးအထိ ရယူလိုက်နိုင်ပြီဖြစ်ပြီး နောက်ဆုံးပြက္ခဒိန်နှစ် ၁၀ နှစ်အတွင်း ၂၀၁၂ ခုနှစ်၌ မက်ဆီမှာ ဂိုးအများဆုံးရယူနိုင်ခဲ့ကာ ယင်းနှစ်တွင် နိုင်ငံလက်ရွေးစင်အသင်းနှင့် ကလပ်အသင်းတို့ကို ကိုယ်စားပြု၍ မက်ဆီက သွင်းဂိုး ၉၁ ဂိုးအထိ ရယူနိုင်ခဲ့ဖူးသည်။

မက်ဆီသည် လက်ကျန်အောက်တိုဘာ၊ နိုဝင်ဘာနှင့် ဒီဇင်ဘာလတို့တွင် အနိမ့်ဆုံးအဖြစ် သွင်းဂိုး ၁၀ ဂိုး ထပ်မံရယူနိုင်ခဲ့မည်ဆိုပါက နောက်ဆုံးပြက္ခဒိန်နှစ် ငါးနှစ်ဆက်တိုက် သွင်းဂိုး ၅၀ နှင့်အထက် ရယူနိုင်သည့်စံချိန်တစ်ရပ်ကို ဆက်လက်တင်ရှိနိုင်လိမ့်မည်ဖြစ်သည်။