မန်ယူအသင်းသည် လာမည့်ပွဲစဉ်များတွင် တိုက်စစ်မှူး မာတီရယ်လ်က အသင်းအတွက် ဂိုးနှစ်ဂိုး ထပ်မံ ရယူပေးနိုင်ခဲ့ပါက မိုနာကိုကို အပိုထပ်ဆောင်း အကျိုးခံစားခွင့် ပေါင် ၁၀ သန်း ပေးချေသွားရတော့မည်
မန်ချက်စတာ၊ ဇန်နဝါရီ ၁၀

မန်ယူအသင်းသည် လာမည့်ပွဲစဉ်များတွင် တိုက်စစ်မှူး မာတီရယ်လ်က အသင်းအတွက် ဂိုးနှစ်ဂိုး ထပ်မံ ရယူပေးနိုင်ခဲ့ပါက မိုနာကိုကို အပိုထပ်ဆောင်း အကျိုးခံစားခွင့် ပေါင် ၁၀ သန်း ပေးချေသွားရတော့မည်ဖြစ်ကြောင်း Sportmail က ဖော်ပြထားသည်။

မန်ယူသည် မာတီရယ်လ်ကို မိုနာကိုထံမှနေ၍ ခေါ်ယူခဲ့စဉ်၌ ပြောင်းရွှေ့ကြေး ပမာဏ ယူရိုသန်း ၆၀ ကို လက်ငင်းပေးချေခဲ့ရပြီး နှစ်ဦးနှစ်ဖက် သဘောတူညီထားမှုများအရ မာတီရယ်လ်၏ အပြောင်းအရွှေ့မှာ ယူရိုသန်း ၉၀ အထိ မြင့်တက်လာဖွယ် အခြေအနေများလည်း ရှိနေသည်။

မန်ယူသည် မာတီရယ်လ်က အသင်းအတွက် ပြိုင်ပွဲ အရပ်ရပ်တွင် သွင်းဂိုး ၂၅ ဂိုး ရယူပေးနိုင်ခဲ့ပါက အပြောင်းအရွှေ့ နောက်ဆက်တွဲအဖြစ် အပိုထပ်ဆောင်းကြေး ယူရို ၁၀ သန်း ပေးချေရန် သဘောတူထားပြီး မန်ယူက ရက်ဒင်းကို လေးဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သည့် အက်ဖ်အေဖလား တတိယအဆင့် ပွဲစဉ်တွင် အသင်းအတွက် တစ်ဂိုးထပ်မံ သွင်းယူပေးလိုက်ပြီးသည့်နောက်၌ မာတီရယ်လ်၏ မန်ယူ ကစားသမားဘဝဖြတ်သန်းမှု သွင်းဂိုး အရေအတွက်မှာ ၂၃ ဂိုးသို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

မန်ယူသည် မာတီရယ်လ်၏ ပြင်သစ် လက်ရွေးစင် အသင်းကိုယ်စားပြု ကစားသမားဘဝ ၂၅ ပွဲပြည့်ချိန်တွင် မိုနာကိုကို အပိုထပ်ဆောင်းကြောင်း ယူရို ၁၀ သန်း ဆက်လက် ပေးချေသွားရလိမ့်မည်ဖြစ်ကာ လက်ရှိတွင် မန်ယူသို့ ပြောင်းရွှေ့ပြီးနောက် ပြင်သစ် လက်ရွေးစင် အသင်းကို ကိုယ်စားပြုရန် မာတီရယ်လ် ရွေးချယ်ခံရသည်မှာ ပွဲစဉ် ၁၅ ပွဲ ရှိနေပြီဖြစ်သည်။

မိုနာကိုသည် မန်ယူက မာတီရယ်လ်ကို ယူရို သန်း ၆၀ နှင့်အထက် ပမာဏရှိ ပြောင်းရွှေ့ကြေး တစ်ရပ်ဖြင့် အခြားအသင်း တစ်သင်းထံသို့ လက်လွှဲ ရောင်းချခဲ့ပါက ယင်းပြောင်းရွှေ့ကြေး၏ အစိတ်အပိုင်း တစ်ရပ်ကို ထပ်မံ အကျိုးခံစားခွင့် ရရှိဦးမည်ဖြစ်ကာ မန်ယူတွင် ကစားသမားဘဝ ဖြတ်သန်းစဉ် ကာလအတွင်း ဘလွန်းဒီအော်ဆု နောက်ဆုံးအဆင့် ဆန်ခါတင် ကစားသမား သုံးဦးစာရင်းတွင် မာတီရယ်လ် ပါဝင်ခဲ့မည်ဆိုပါက မိုနာကိုအတွက် အပိုထပ်ဆောင်းကြေး ယူရို ၁၀ သန်း ရရှိနိုင်မည့် အခွင့်အရေး တစ်ခု ဆက်လက် ပေါ်ထွက်လာလိမ့်ဦးမည်ဖြစ်သည်။