လက်ရှိနည်းပြ မော်ရင်ညိုမတိုင်မီတွင် မန်ယူကို တာဝန်ယူခဲ့သည့် နည်းပြဗန်ဟားလ်သည် မန်ယူ၏ကစားဟန်မှာ ၎င်းတာဝန်ယူခဲ့စဉ်ကထက် မော်ရင်ညို၏လက်ထက်တွင် ပို၍ပျင်းရိဖွယ်ရာကောင်းလာကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

မန်ချက်စတာ၊ ဒီဇင်ဘာ ၁၂

လက်ရှိနည်းပြ မော်ရင်ညိုမတိုင်မီတွင် မန်ယူကို တာဝန်ယူခဲ့သည့် နည်းပြဗန်ဟားလ်သည် မန်ယူ၏ကစားဟန်မှာ ၎င်းတာဝန်ယူခဲ့စဉ်ကထက် မော်ရင်ညို၏လက်ထက်တွင် ပို၍ပျင်းရိဖွယ်ရာကောင်းလာကြောင်း ဝေဖန်ပြောကြားသွားခဲ့သည်ဟု Daily Mail က ဖော်ပြထားသည်။

ဗန်ဟားလ်သည် ၎င်းအနေနှင့် မန်ယူကို တိုက်စစ်အားပြုသည့်ကစားဟန်ဖြင့်သာ ပုံဖော်ရန်သာ ကြိုးပမ်းခဲ့ကြောင်း ဖွင့်ဟအသိပေးသွားခဲ့ပြီး ၎င်း၏လက်ထက်တွင် မန်ယူမှာ ခံစစ်၌ ဘတ်စ်ကားထိုးသောနည်းစနစ်ဖြင့် ကစားခဲ့သောပွဲစဉ်ဟူ၍ တစ်ပွဲမျှ မရှိခဲ့ပါကြောင်းလည်း ဗန်ဟားလ်က ပြောကြားထားသေးသည်။

ဗန်ဟားလ်သည် ၎င်းတာဝန်ယူခဲ့စဉ်ကာလ၌ မန်ယူက တိုက်စစ်ဆင်သည့်အတွက် ပြိုင်ဘက်အသင်းများသာ ဘတ်စ်ကားထိုးခဲ့ရကြောင်း ထောက်ပြသွားခဲ့ပြီး မော်ရင်ညိုလက်ထက်တွင်မူ ပြိုင်ဘက်များက တိုက်စစ်ကစားကာ မန်ယူမှာ ခံစစ်အားပြုရသည့်ဘ၀သို့ရောက်နေကြောင်း ၎င်းက ထပ်လောင်း အသိပေးသွားခဲ့သေးသည်။

မန်စီးတီးက မန်ယူကို သုံးဂိုး တစ်ဂိုးဖြင့် အနိုင်ယူသွားခဲ့သည့် မန်ချက်စတာဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အပြီးတွင် မန်ယူနည်းပြ မော်ရင်ညို၏ခံစစ်အားပြုလွန်းသည့်ကစားဟန်ကို ဝေဖန်မှုများ လွန်စွာမြင့်တက်လာခဲ့ပြီဖြစ်ပြီး မန်ယူအသင်းခေါင်းဆောင်ဟောင်းတစ်ဦးဖြစ်သူ ဂယ်ရီနဗီးလ်ကလည်း မန်ချက်စတာဒါဘီပွဲစဉ်တွင် မန်ယူ၏ကစားပုံမှာ မန်စီးတီးထက် လွန်စွာ ညံ့ဖျင်းလွန်းကြောင်း၊ ရှုံးသင့်ရှုံးထိုက်၍ ရှုံးလိုက်ရခြင်းသာဖြစ်ကြောင်း မှတ်ချက်ပေးထားသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဗန်ဟားလ်က “ကျွန်တော်တို့ဟာ ကိုယ့်မှန်မယ်လို့ ထင်မြင်ယူဆတဲ့ နည်းစနစ်တွေနဲ့ ဘောလုံးပွဲတွေကို ချဉ်းကပ်ကြတာပါပဲ။ ဒါပေမဲ့ အင်္ဂလိပ်အသင်းတစ်သင်းကို တာဝန်ယူရင် အင်္ဂလိပ်ဘောလုံးလောကနဲ့ကိုက်ညီတဲ့ ကစားဟန်ကိုပဲ အသက်သွင်းသင့်ပါတယ်။ ကျွန်တော်ဟာ မန်ယူကို တာဝန်ယူခဲ့စဉ် ကာလတစ်လျှောက်လုံး ပရိသတ်ကို ဖျော်ဖြေမှုပေးနိုင်ဖို့ကိုပဲ ကြိုးစားခဲ့တာပါ။ တိုက်စစ်ကစားဖို့ ကြိုးစားခဲ့တယ်။ ပြိုင်ဘက်ကို ခံစစ်ဇုန်ထဲက လုံးဝထွက်မရအောင် လုပ်ထားဖို့ကိုပဲ ရည်ရွယ်ခဲ့ပါတယ်။ မော်ရင်ညိုလက်ထက်မှာတော့ အရာအားလုံးက ပြောင်းပြန်ဖြစ်သွားခဲ့ပါပြီ။ မန်ယူက ခံစစ်ကစားပြီး သူနဲ့တွေ့တဲ့ အသင်းတိုင်းက တိုက်စစ်ကစားနေတယ်ဆိုတာဟာ ဘယ်လိုမှကို မဖြစ်သင့်တဲ့အခြေအနေတစ်ရပ်ပါပဲ”ဟု ပြောကြားသွားခဲ့သည်။