ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ၎င်းအနေနှင့် စာချုပ်သစ်ချုပ်မည် သို့မဟုတ် အသင်းပြောင်းမည်ကို ယတိပြတ် မဆုံးဖြတ်နိုင်အောင် တွေဝေနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု BBC က ဖော်ပြထားသည်။

လန်ဒန်၊ အောက်တိုဘာ ၉

ချယ်လ်ဆီးတိုက်စစ်တောင်ပံကစားသမား ဟားဇတ်သည် ၎င်းအနေနှင့် စာချုပ်သစ်ချုပ်မည် သို့မဟုတ် အသင်းပြောင်းမည်ကို ယတိပြတ် မဆုံးဖြတ်နိုင်အောင် တွေဝေနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်ဟု BBC က ဖော်ပြထားသည်။

ဟားဇတ်နှင့် ချယ်လ်ဆီးအသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် သက်တမ်းအားဖြင့် ၂ နှစ်ကျန်ရှိနေဆဲဖြစ်ပြီး လက်ရှိတွင် စာချုပ်သစ်ကိစ္စနှင့်ပတ်သက်၍ မှတ်ချက်စကား မပြောလိုသေးကြောင်းလည်း ဟားဇတ်က ရှင်းပြထားပြီဖြစ်သည်။

ချယ်လ်ဆီးအသင်းဒါရိုက်တာဘုတ်အဖွဲ့သည် ဟားဇတ်ကို တစ်ပတ်လုပ်ခလစာ ပေါင်သုံးသိန်းဖြင့် စာချုပ်သစ်ကမ်းလှမ်းထားခြင်းဖြစ်ပြီး ယင်းစာချုပ်သစ်ကို လက်မခံသေးဘဲ အချိန်ဆွဲနေသည်မှာ ရီးရဲလ်မက်ဒရစ်ထံသို့ပြောင်းလိုသည့်စိတ်ကူးအိပ်မက်တစ်ခု ၎င်းထံတွင် ရှိနေခြင်းကြောင့်ဖြစ်သည်ဟု ဟားဇတ်က ဖွင့်ဟ၀န်ခံထားသည်။

ဟားဇတ်သည် လက်ရှိတွင် အသက် ၂၇ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ချယ်လ်ဆီးနှင့် စာချုပ်သစ်တစ်ရပ် လက်မှတ်ရေးထိုးလိုက်ပါက အသက်အရွယ်အရ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ကစားနိုင်မည့် အခွင့်အရေးတစ်ရပ် ဆုံးရှုံးသွားတော့မည်ကို ဟားဇတ်က အလေးအနက်ထား စဉ်းစားလျက်ရှိသည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ဟားဇတ်က “မနက်ခင်းတိုင်းကို ဒွိဟတွေနဲ့ချည်း ကျွန်တော် နိုးထနေရပါတယ်။ လက်ရှိအချိန်မှာ ကျွန်တော် ပြောနိုင်တာ တစ်ခုတည်းပဲရှိပါတယ်။ အဲ့ဒါကတော့ စာချုပ်သစ်ကို လက်ခံလိုက်ဖို့ အဆင်သင့်ဖြစ်မနေသေးဘူးဆိုတာပါပဲ။ တစ်ခါတစ်ရံကျရင် ကျွန်တော့်စိတ်တွေက ချယ်လ်ဆီးမှာ ဆက်နေရင်ကောင်းမယ်လို့ တွေးဖြစ်နေသလို တစ်ခါတစ်ရံကျတော့လည်း အသင်းပြောင်းဖို့ အချိန်တန်ပြီလို့ စိတ်ကူးမိနေပြန်ပါရော”ဟု ပြောကြားသွားခဲ့သည်။