ဂျူဗင်တပ်အသင်းသည် အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးကို လာမည့် ၂၀၁၉ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ထိပ်တန်းအဆင့်လုပ်ခလစာတစ်ရပ် ပေးချေခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ အောက်တိုဘာ ၁၁

ဂျူဗင်တပ်အသင်းသည် အာဆင်နယ်ကွင်းလယ်ကစားသမား ရမ်ဆေးကို လာမည့် ၂၀၁၉ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ထိပ်တန်းအဆင့်လုပ်ခလစာတစ်ရပ် ပေးချေခေါ်ယူရန် စီစဉ်နေပြီဖြစ်ကြောင်း Daily Mail က ဖော်ပြထားသည်။

ရမ်ဆေးနှင့် အာဆင်နယ်အသင်းအကြားတွင် ချုပ်ဆိုထားသောစာချုပ်သည် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် သက်တမ်းကုန်ဆုံးတော့မည်ဖြစ်ကာ ၎င်းနှင့် အာဆင်နယ်အသင်းတာဝန်ရှိသူများအကြားတွင် စာချုပ်သစ်ကိစ္စ ဆွေးနွေးညှိနှိုင်းရာ၌ အဆင်မပြေမှုများဖြစ်ပေါ်ခဲ့သည့်အတွက် လက်ရှိဘောလုံးရာသီပြီးဆုံးချိန်တွင် အာဆင်နယ်ကို အလွတ်ပြောင်းရွှေ့ကြေးဖြင့် စွန့်ခွာရန် ရမ်ဆေးက ဆုံးဖြတ်ထားပြီဖြစ်သည်။

ရမ်ဆေးသည် အစောပိုင်း၌ အာဆင်နယ်နှင့် လေးနှစ်သက်တမ်းစာချုပ်သစ်တစ်ရပ်ကို လက်မှတ်ရေးထိုးရန် သဘောတူညီထားခဲ့ခြင်းဖြစ်ပြီး နှစ်ဦးနှစ်ဖက်အကြားတွင် ဆွေးနွေးမှုများအားလုံး အဆင်ပြေခဲ့ပြီးသည့်နောက်တွင်မှ အာဆင်နယ်အသင်းတာဝန်ရှိသူများက ယင်းကမ်းလှမ်းထားမှုကို ပြန်လည်ရုပ်သိမ်းပစ်လိုက်သည့်အတွက် ရမ်ဆေးက ဒေါသပေါက်ကွဲကာ ဘောလုံးရာသီပြီးဆုံးချိန်၌ အလွတ်ပြောင်းရွှေ့ကြေးဖြင့် အသင်းပြောင်းရန် စီစဉ်လိုက်ခြင်းဖြစ်သည်။

ရမ်ဆေးသည် ဘော့စမန်စည်းမျဉ်းအရ လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် ပြည်ပကလပ်အသင်းများနှင့် လွပ်လတ်စွာဆွေးနွေးခွင့် ရရှိသွားတော့မည်ဖြစ်ပြီး ယင်းအခွင့်အရေးကို အသုံးချ၍ ရမ်ဆေးကို အကြိုသဘောတူစာချုပ်တစ်ရပ် ချုပ်ဆိုထားနိုင်ရန် ဂျူဗင်တပ်အသင်းတာဝန်ရှိသူများက စီစဉ်နေပြီဖြစ်သည်။

ဂျူဗင်တပ်သည် ယမန်နှစ်ဘောလုံးရာသီ၌လည်း လီဗာပူးကွင်းလယ်လူ အမ်မရီကန်ကို ယခုကဲ့သို့ ခေါ်ယူခဲ့ဖူးပြီး လက်ရှိတွင် ရမ်ဆေးကိုခေါ်ယူရန်အတွက် ဂျူဗင်တပ်နှင့်အပြိုင် လီဗာပူးနှင့် ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားမှုများရှိနေသည်။