ချယ်လ်ဆီးအသင်းဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုသည် လာမည့်သီတင်းပတ်အနည်းငယ်အတွင်း၌ အသင်းနှင့်စာချုပ်သစ်ချုပ်တော့မည်ဖြစ်ကြောင်း ထုတ်ဖော်အသိပေးလိုက်ပြီး အလွန်ဆိုကို ရီးရဲလ်မက်ဒရစ်နှင့် ဘာစီလိုနာတို့အပါအ၀င် ဥရောပပြိုင်ဘက်ကလပ်အသင်းများစွာက ခေါ်ယူရန် ချဉ်းကပ်မှုများရှိလာသည့်အတွက် စာချုပ်သစ် အလျင်အမြန်ချုပ်ရန် ဆုံးဖြတ်လိုက်ရခြင်းဖြစ်သည်ဟု ချယ်လ်ဆီးအသင်းတာဝန်ရှိသူတစ်ဦးက ရှင်းပြသွားခဲ့ကြောင်း The Mirror က ဖော်ပြထားသည်။

လန်ဒန်၊ အောက်တိုဘာ ၁၀

အလွန်ဆိုသည် နည်းပြ ကွန်တီလက်ထက်၌ ပုံမှန်ပွဲထွက်ကစားသမားအဖြစ် နေရာပေးခြင်းခံခဲ့ရသကဲ့သို့ လက်ရှိနည်းပြ ဆာရီလက်ထက်တွင်လည်း ယင်းအခွင့်အရေးကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး အသက် ၂၇ နှစ်အရွယ်ရှိ အလွန်ဆိုကို ချယ်လ်ဆီးက သုံးနှစ် သို့မဟုတ် လေးနှစ်သက်တမ်း စာချုပ်သစ်တစ်ရပ် ချုပ်ဆိုရန် စီစဉ်ထားကြောင်းလည်း ဆက်စပ်သတင်းများ ထွက်ပေါ်နေသည်။

အလွန်ဆိုသည် လက်ရှိတွင် စပိန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များ ပါဝင်ကစားပေးရန် လေ့ကျင့်ရေးဆင်းလျက်ရှိပြီး ချယ်လ်ဆီးနည်းပြ ဆာရီနှင့် စပိန်နည်းပြ အင်းနရစ်တို့မှာ နည်းဗျူဟာအခင်းအကျင်း လွန်စွာဆင်တူသည့်အတွက် ၎င်းအနေနှင့် ကစားရအဆင်ပြေကြောင်း၊ နိုင်ငံတကာပွဲစဉ်များ ကစားအပြီး ချယ်လ်ဆီးအသင်းထံသို့ ပြန်လည်ရောက်ရှိချိန် အောက်တိုဘာလ နောက်ဆုံးသီတင်းပတ်အတွင်း၌ စာချုပ်သစ်ကို လက်မှတ်ရေးထိုးဖြစ်လိမ့်မည်ဖြစ်ကြောင်း အလွန်ဆိုက ရှင်းပြထားသည်။