ချယ်လ်ဆီးအသင်းပိုင်ရှင် ရုရှားသန်းကြွယ်သူဌေး အေဘရာမိုဗစ်ခ်ျ၏ဇနီးဟောင်းတစ်ဦးဖြစ်သူ အိုင်ရီနာသည် အေဘရာမိုဗစ်ခ်ျနှင့် ပေါင်းသင်းနေထိုင်ခဲ့စဉ်ကာလများမှာ သူမအတွက် ရွှေလှောင်အိမ်ထဲတွင် နေခဲ့ရသည်နှင့် အလားသဏ္ဌာန်တူညီလှသည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ စက်တင်ဘာ ၁၃

အိုင်ရီနာသည် အေဘရာမိုဗစ်ခ်ျနှင့် ကွာရှင်းပြတ်စဲပြီးနောက် ၁၁ နှစ်အကြာတွင်မှ သတင်းမီဒီယာများနှင့်တွေ့ဆုံကာ ပထမဆုံးသော အင်တာဗျူးကို ဖြေကြားပေးခဲ့ခြင်းဖြစ်ပြီး သူမထံမှနေ၍ အေဘရာမိုဗစ်ခ်ျကို ပုတ်ခတ်ထိုးနှက်သောစကားများကိုမူ ကြားရလိမ့်မည်မဟုတ်ဟုလည်း အိုင်ရီနာက မှတ်ချက်ပေးအပ်သွားခဲ့သည်။

ရုရှားနိုင်ငံအခြေစိုက် အေရိုဖလုတ်လေကြောင်းလိုင်းတွင် လေယာဉ်မယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သော အိုင်ရီနာသည် ၁၉၉၁ ခုနှစ်တွင် အေဘရာမိုဗစ်ခ်ျနှင့် လက်ထပ်ခဲ့ပြီး ရင်သွေးငယ်ငါးဦးထွန်းကားခဲ့ပြီးသည့်နောက် ၂၀၀၇ ခုနှစ်တွင် ၎င်းတို့နှစ်ဦးက ကွာရှင်းပြတ်စဲလိုက်ကြခြင်းဖြစ်သည်။

အိုင်ရီနာသည် အေဘရာမိုဗစ်ခ်ျနှင့် ကွာရှင်းလိုက်ပြီးသည့်နောက်၌ ကိုယ်ပိုင်ဂျက်လေယာဉ်တစ်စင်း ၀ယ်ယူ၍ ကမ္ဘာတစ်ဝန်းသို့ ခရီးလှည့်လည်သွားလာခြင်းဖြင့် အချိန်ကုန်ဆုံးလျက်ရှိကာ ရင်သွေးငယ်များမှာ အေဘရာမိုဗစ်ခ်ျ၏အုပ်ထိန်းမှုအောက်တွင်ရှိနေသော်လည်း စောင့်ရှောက်မှုကိုမူ မိဘနှစ်ဦးလုံးက လုပ်ဆောင်ပေးလျက်ရှိကြောင်းလည်း အိုင်ရီနာက ပြောကြားထားသည်။

အေဘရာမိုဗစ်ခ်ျသည် အိုင်ရီနာနှင့်ကွာရှင်းခဲ့ပြီးသည့်နောက်တွင် အိမ်ထောင်ဆက်များ ဆက်ရှိခဲ့ပြီး ရင်သွေးများ ထွန်းကားခဲ့သေးကာ ယင်းရင်သွေးများအားလုံးမှာ တစ်အူထုံ့ဆင်း မောင်နှမအရင်းအချာများကဲ့သို့ ချစ်ခင်မှုရှိကြသည်ဟု အိုင်ရီနာက အသိပေးထားသေးသည်။