ချယ်လ်ဆီးကွင်းလယ်ကစားသမား လော့ဖ်တပ်စ်ချိခ်သည် အင်္ဂလန်လက်ရွေးစင်အသင်းကို ကိုယ်စားပြု၍ နိုင်ငံတကာပွဲစဉ်များပါဝင်ကစားပေးရာတွင် ခြေဖဝါးထိခိုက်ဒဏ်ရာရသွားခဲ့သည့်အတွက် သီတင်းနှစ်ပတ်ခန့် အနားယူဆေးကုသခံရတော့မည်ဖြစ်ကြောင်း The Sun က ဖော်ပြထားသည်။

လန်ဒန်၊ စက်တင်ဘာ ၁၄

လော့ဖ်တပ်စ်ချိခ်သည် အင်္ဂလန်က ဆွစ်ဇာလန်ကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရခဲ့သော နိုင်ငံတကာခြေစမ်းပွဲကို ပါဝင်ကစားခဲ့ရာတွင် ယင်းဒဏ်ရာကို ရရှိခဲ့ခြင်းဖြစ်ပြီး အနားယူရမည့်အခြေအနေအရ လော့ဖ်တပ်စ်ချိခ်မှာ ကာဒစ်ဖ်၊ လီဗာပူးတို့နှင့်ယှဉ်ပြိုင်ရမည့် ပရီးမီးယားလိဂ်ပွဲစဉ်များတွင် ချယ်လ်ဆီးအတွက် ပါဝင်ကစားပေးနိုင်တော့မည်မဟုတ်ဘဲ ယင်းပွဲစဉ်များကို လွဲချော်ရတော့မည်ဖြစ်သည်။ 

အသက် ၂၂ နှစ်အရွယ်ရှိ လော့ဖ်တပ်စ်ချိခ်သည် လက်ရှိဘောလုံးရာသီတွင် နည်းပြ ဆာရီလက်အောက်၌ ပုံမှန်ပွဲထွက်ကစားခွင့်ရနိုင်ရန် ရုန်းကန်နေရပြီး ဆာရီကမူ ၎င်းအနေနှင့် လော့ဖ်တပ်စ်ချိခ်ကို အခွင့်အရေးမပေးနိုင်ဖြစ်နေသည်မှာ ၎င်း၏နည်းစနစ်များနှင့် အံဝင်စွာကစားနိုင်ရန် လော့ဖ်တပ်စ်ချိခ်ထံ၌ လိုအပ်ချက်များရှိနေသေးခြင်းကြောင့်ဟု ရှင်းလင်းချက်ပေးထားသည်။ 

လော့ဖ်တပ်စ်ချိခ်သည် နည်းပြဆာရီကို ၎င်းအတွက် လုံလောက်သည့် ပွဲထွက်ခွင့်အာမခံချက်တစ်ရပ်ကို ပေးအပ်နိုင်ခြင်းမရှိပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အငှားပြောင်းခွင့်ပြုပါရန် တောင်းဆိုထားပြီလည်းဖြစ်သည်။