လိုင်ဘေးရီးယားသမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခြင်းခံထားရပြီဖြစ်သော ကမ္ဘာကျော်ဘောလုံးကစားသမားဟောင်း ဂျော့်ခ်ျဝီယာသည် လက်ရွေးစင်ကစားသမားဘ၀နှုတ်ဆက်ပွဲအဖြစ် လိုင်ဘေးရီးယားနှင့် နိုင်ဂျီးရီးယားတို့ ယှဉ်ပြိုင်ကစားခဲ့သည့်ပွဲစဉ်ကို ပါဝင်ကစားသွားခဲ့ကြောင်း Daily Mail က ဖော်ပြထားသည်။

မွန်ရိုဗီးယား၊ စက်တင်ဘာ ၁၂

ဂျော့ခ်ျဝီယာသည် လက်ရွေးစင်ကစားသမားဘ၀နှုတ်ဆက်ပွဲကို ယှဉ်ပြိုင်ကစားချိန်တွင် အသက်အားဖြင့် ၅၁ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ၎င်းအနေနှင့် ဘောလုံးမကစားဘဲနေခဲ့သည်မှာ ၁၅ နှစ်ကြာမြင့်ခဲ့ပြီဖြစ်ကြောင်းလည်း ပွဲအပြီးတွင် သတင်းမီဒီယာများကို သမ္မတ ဂျော့်ခ်ျဝီယာက အသိပေးသွားခဲ့သည်။

ဂျော့ခ်ျဝီယာသည် ယင်းနိုင်ငံတကာခြေစမ်းပွဲစဉ်တွင် လိုင်ဘေးရီးယားအသင်းအတွက် မိနစ် ၈၀ ကြာ ပါဝင်ကစားပေးသွားခဲ့ပြီး အဆိုပါပွဲစဉ်တွင် နိုင်ဂျီးရီးယားက လိုင်ဘေးရီးယားကို နှစ်ဂိုး တစ်ဂိုးဖြင့် အနိုင်ရသွားခဲ့သည်။

ဂျော့ခ်ျဝီယာက လိုင်ဘေးရီးယားလက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှု နှုတ်ဆက်ပွဲကို ယှဉ်ပြိုင်ကစားချိန်တွင် အမေရိကန်လက်ရွေးစင်အသင်းကို ကိုယ်စားပြုရန် ရွေးချယ်ထားသော ၎င်း၏သားဖြစ်သူ တီမိုသီဝီယာမှာလည်း အမေရိကန်အသင်းအတွက် ပထမဆုံးအကြိမ် ပွဲထွက်ခွင့်ရရှိခဲ့ပြီး ယင်းပွဲစဉ်တွင် အမေရိကန်က ကွန်ကာကပ်ဖ်ဇုန်ပြိုင်ဘက် မက္ကဆီကိုကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရသွားခဲ့သည်။

လိုင်ဘေးရီးယားဘောလုံးအဖွဲ့ချုပ်သည် ဂျော့ခ်ျဝီယာ၏လက်ရွေးစင်ကစားသမားဘ၀ဖြတ်သန်းမှုအတွင်း ၀တ်ဆင်ကစားခဲ့သော ကျောနံပါတ် ၁၄ ကို အနားပေးရန် ဆုံးဖြတ်လိုက်ပြီဖြစ်ပြီး ၎င်းမှာ ပရော်ဖက်ရှင်နယ် ဘောလုံးကစားသမားဘ၀ဖြတ်သန်းခဲ့စဉ်ကာလအတွင်း ဖီဖာတစ်နှစ်တာအကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးရယူနိုင်ခဲ့သည်အထိ သမိုင်းကြောင်းကောင်းမွန်ခဲ့သူဖြစ်သည်။