စပါးတိုက်စစ်မှူး ဆွန်ဟောင်မင်းသည် တောင်ကိုရီးယားအနုပညာလောကဒအထင်ကရ ကြယ်တစ်ပွင့်ဖြစ်သော သရုပ်ဆောင်မင်းသမီး ယူးဆိုယန်းနှင့် ရည်ငံနေပြီဖြစ်ကာ ဆွန်ဟောင်မင်းနှင့် ယူးဆိုယန်းတို့မှာ လွန်ခဲ့သည့် ၂၀၁၅ ခုနှစ်ကတည်းကပင် ချစ်သူဖြစ်နေခဲ့ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား သတင်းမီဒီယာများက အသိပေးထားသည်ဟု The Sun က ဖော်ပြထားသည်။

ဆိုးလ်၊ မတ် ၁၃

ဆွန်ဟောင်မင်းသည် ၎င်းနှင့်ပတ်သက်မှုကြောင့် ယူးဆိုယန်းကို လူအများအာရုံစိုက်မည်ကို စိုးရိမ်သည့်အတွက် ကာလအတန်ကြာ လျှို့ဝှက်ထားပြီး ယခုအချိန်သို့ရောက်မှ ၎င်းတို့နှစ်ဦး၏ပတ်သက်မှုကို တောင်ကိုရီးယားသတင်းမီဒီယာများက ရိပ်စားမိသွားခဲ့ခြင်းဖြစ်သည်။

ဆွန်ဟောင်မင်းသည် ယူးဆိုယန်းနှင့်မတိုင်မီတွင် သရုပ်ဆောင်တေးသံရှင် ဘန်းမင်အားနှင့် ချစ်ကြိုက်ခဲ့သေးကာ Girl’s Day  ဂီတအဖွဲ့၏အဖွဲ့ဝင်တစ်ဦးဖြစ်သော ဘန်းမင်အားနှင့် ဆွန်ဟောင်မင်းတို့မှာ ၂၀၁၀ ပြည့်နှစ်တွင် ချစ်သူဖြစ်ခဲ့ခြင်းဖြစ်ပြီး ယင်းနောက် နှစ်အနည်းငယ်အကြာတွင် ၎င်းတို့နှစ်ဦးက လမ်းခွဲပြတ်စဲသွားခဲ့ကြသည်။

အသက် ၂၅ နှစ်အရွယ်ရှိ ဆွန်ဟောင်မင်းသည် တောင်ကိုရီးယားနိုင်ငံ၏ပြဌာန်းဥပဒေများအရ စစ်မှုထမ်းရမည့်တာဝန်ရှိနေဆဲဖြစ်ပြီး ယင်းစစ်မှုထမ်းခွင့်ကို ရှောင်လွှဲလိုပါက လာမည့်သြဂုတ်လတွင်ကျင်းပမည့် အာရှအားကစားပြိုင်ပွဲတွင် တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်းနှင့်အတူ ချန်ပီယံဖြစ်ခွင့်ရနိုင်ရန် ဆွန်ဟောင်မင်းက ကြိုးပမ်းရလိမ့်မည်ဖြစ်သည်။

တောင်ကိုရီးယားနိုင်ငံ၏ပြဌာန်းဥပဒေများအရ အရွယ်ရောက်နှင့်ပြီးသော နိုင်ငံသားများမှာ ၂ နှစ်ခန့် စစ်မှုထမ်းကြရမည်ဖြစ်ပြီး အားကစားသမားများဖြစ်ပါက ခြွင်းချက်အဖြစ် အိုလံပစ်နှင့် အာရှအားကစားပြိုင်ပွဲများတွင် ရွှေတံဆိပ်ဆုဖြင့် နိုင်ငံ့ဂုဏ်ဆောင်နိုင်ခဲ့ပါက စစ်မှုထမ်းခွင့်ကို တောင်ကိုရီးယားအစိုးရက ပယ်ဖျက်ပေးလေ့ရှိသည်။

၂၀၁၈ ခုနှစ် အာရှအားကစားပြိုင်ပွဲကို အင်ဒိုနီးရှားနိုင်ငံက လာမည့်သြဂုတ်လတွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားလိမ့်မည်ဖြစ်ပြီး ယင်းပြိုင်ပွဲတွင် တောင်ကိုရီးယားလက်ရွေးစင်ဘောလုံးအသင်းကို ကိုယ်စားပြု၍ ကစားပေးရန် ဆွန်ဟောင်မင်းက ဆုံးဖြတ်ထားပြီလည်းဖြစ်သည်။