ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းသည် ယခုနှစ်ဘောလုံးရာသီပြီးဆုံးချိန်တွင် လက်ရှိဝတ်စုံစပွန်ဆာကုမ္ပဏီ ပူးမားနှင့်လမ်းခွဲတော့မည်ဖြစ်ပြီး လာမည့် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီကစ၍ အက်ဒီးဒတ်စ်အားကစားအသုံးအဆောင်ပစ္စည်းများ ထုတ်လုပ်ရောင်းချရေးလုပ်ငန်းစုက အာဆင်နယ်အသင်းဝတ်စုံများကို ချုပ်လုပ်ရောင်းချရန် စပွန်ဆာစာချုပ်တစ်ရပ်ကို တရားဝင်လက်မှတ်ရေးထိုးသွားနိုင်ခဲ့ပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

လန်ဒန်၊ အောက်တိုဘာ ၈

အာဆင်နယ်သည် လက်ရှိဝတ်စုံစပွန်ဆာကုမ္ပဏီ ပူးမားထံမှနေ၍ တစ်နှစ်စပွန်ဆာကြေးပမာဏ ပေါင်သန်း ၃၀ သာ ရရှိနေပြီး အက်ဒီးဒတ်စ်ကမူ စပွန်ဆာကြေးကို ပူးမားထက် နှစ်ဆပိုပေး၍ ငါးနှစ်သက်တမ်းစာချုပ်တစ်ရပ်ကို အာဆင်နယ်နှင့်လက်မှတ်ရေးထိုးလိုက်ခြင်းဖြစ်သည်။

အာဆင်နယ်သည် ၁၉၉၄ ခုနှစ်နောက်ပိုင်းတွင် အက်ဒီးဒတ်စ်နှင့် တစ်ကျော့ပြန်လည်လက်တွဲလိုက်ခြင်းဖြစ်ပြီး နှစ်ပေါင်း ၂၅ အကြာတွင် အာဆင်နယ်၏၀တ်စုံစပွန်ဆာအဖြစ် ရပ်တည်ခွင့်ကို ပြန်လည်ရယူလိုက်နိုင်သည့်အတွက် ကျေနပ်ဝမ်းသာမိပါကြောင်း အက်ဒီးဒတ်စ်ကလည်း သတင်းထုတ်ပြန်ထားသည်။

အာဆင်နယ်သည် အက်ဒီးဒတ်စ်နှင့်ချုပ်ဆိုလိုက်သောဝတ်စုံစပွန်ဆာစာချုပ်ကတစ်ဆင့် ၀င်ငွေပမာဏစုစုပေါင်း ပေါင်သန်း ၃၀၀ ရရှိလိမ့်မည်ဖြစ်ပြီး ပူးမားမှာ လာမည့်ဘောလုံးရာသီကစ၍ မန်စီးတီးကို တစ်နှစ်စပွန်ဆာကြေး ပေါင်သန်း ၅၀ ဖြင့် ၀တ်စုံချုပ်လုပ်ပေးရန် သဘောတူညီမှုရယူထားပြီလည်းဖြစ်သည်။