ဆွီဒင်လက်ရွေးစင်အသင်းခေါင်းဆောင် ဂရန်ဗစ်သည် မန်ယူဘက်က ၎င်းကို အမှန်တကယ် ဆက်သွယ်ကမ်းလှမ်းလာခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းဖြစ်နိုင်သည်ဟု ထုတ်ဖော်ဝန်ခံထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

စတော့ခ်ဟုမ်း၊ အောက်တိုဘာ ၉

ဆွီဒင်လက်ရွေးစင်အသင်းခေါင်းဆောင် ဂရန်ဗစ်သည် မန်ယူဘက်က ၎င်းကို အမှန်တကယ် ဆက်သွယ်ကမ်းလှမ်းလာခဲ့မည်ဆိုပါက လာမည့်ဇန်နဝါရီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ချိန်တွင် အသင်းပြောင်းဖြစ်နိုင်သည်ဟု ထုတ်ဖော်ဝန်ခံထားပြီဖြစ်ကြောင်း Daily Star က ဖော်ပြထားသည်။

ဂရန်ဗစ်သည် ဆွီဒင်လက်ရွေးစင်အသင်း ဗဟိုခံစစ်တွင် လင်ဒီလော့ဖ်နှင့် အတွဲညီညီ ကစားနိုင်ခဲ့သူဖြစ်ပြီး ၎င်းကိုခေါ်ယူလိုက်နိုင်မည်ဆိုပါက မန်ယူ၏ဗဟိုခံစစ်အကျပ်အတည်းမှာ အတိုင်းအတာတစ်ရပ်အထိ ပြေလည်သွားနိုင်ဖွယ်ရှိသည်ဟု မော်ရင်ညိုက ယူဆထားသည်။

အသက် ၃၃ နှစ်အရွယ်ရှိနေပြီဖြစ်သော ဂရန်ဗစ်သည် အတိတ်ကာလ၌ ဝီဂန်အသင်းထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့သူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဆွီဒင်အသင်း ကွာတားဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခဲ့ရာ၌ ၎င်းနှင့် လင်ဒီလော့ဖ်တို့၏တွဲဖက်ညီညီ ခြေစွမ်းပြနိုင်ခဲ့မှုမှာ လွန်စွာအရေးပါ အခရာကျခဲ့ဖူးသည်။

အရပ် ၆ ပေ ၄ လက်မမြင့်သည့် ဂရန်ဗစ်သည် လက်ရှိတွင် ဆွီဒင်ဒုတိယတန်းကလပ် ဟယ်လ်ဆင်ဘော့ဂ်ထံတွင် ကစားသမားဘ၀ဖြတ်သန်းခဲ့ပြီး နည်းပြမော်ရင်ညိုမှာ ဂရန်ဗစ်ကို အပြီးသတ်ဝယ်ယူခွင့်ပါရှိသော အငှားစာချုပ်တစ်ရပ်ဖြင့် ခေါ်ယူနိုင်ရန် စိတ်ကူးနေခြင်းဖြစ်သည်။

နည်းပြ မော်ရင်ညိုသည် ပိတ်သိမ်းပြီးစီးခဲ့သည့် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်အတွင်း၌ ဗဟိုခံစစ်မှူးတစ်ဦးခေါ်ယူပေးပါရန် အသင်းတာဝန်ရှိသူများကို တိုက်တွန်းတောင်းဆိုခဲ့သော်လည်း အသင်းတာဝန်ရှိသူများဘက်က ယင်းတောင်းဆိုချက်ကို လျစ်လျူရှုခဲ့ပြီး ဗဟိုခံစစ်မှူးတစ်ဦး မခေါ်ယူနိုင်ခဲ့ခြင်းက အသင်းကို ယခုကဲ့သို့ အကျပ်အတည်းများကြားသို့ တွန်းပို့နေခြင်းဖြစ်သည်ဟု မော်ရင်ညိုက မှတ်ချက်ပေးထားသည်။