ရီးရဲလ်မက်ဒရစ်အသင်းသည် CIES ဘောလုံးသုတေသနအဖွဲ့ကထုတ်ပြန်လိုက်သည့် စစ်တမ်းတစ်ရပ်အရ ဥရောပတစ်လွှားရှိ ကလပ်အသင်းများအားလုံးအနက်တွင် စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အတည်ငြိမ်ဆုံးအသင်းအဖြစ် ခြောက်နှစ်ကြာနီးပါး ရပ်တည်နေနိုင်လျက်ရှိကြောင်း Daily Mail က ဖော်ပြထားသည်။

မက်ဒရစ်၊ အောက်တိုဘာ ၁၀

CIES ဘောလုံးသုတေသနအဖွဲ့သည် ကလပ်အသင်းတစ်သင်းချင်းစီ၏ပွဲထွက်ကစားသမားတစ်ဦးချင်းအလိုက် တစ်ပွဲပျမ်းမျှ စွမ်းဆောင်ရည်ပိုင်းဆိုင်ရာ အချက်အလက်များကို အခြေခံ၍ ယခုစစ်တမ်းကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ရီးရဲလ်မက်ဒရစ်မှာ တစ်ပွဲပျမ်းမျှ စွမ်းဆောင်ရည်နှုန်း ၅ ဒသမ ၈၄ ကို ထိန်းသိမ်းကာ ခြောက်နှစ်ကြာနီးပါး ရပ်တည်နေနိုင်ခဲ့ခြင်းဖြစ်သည်။

ရီးရဲလ်မက်ဒရစ်နောက်တွင် ဘာစီလိုနာက တစ်ပွဲပျမ်းမျှစွမ်းဆောင်ရည်နှုန်းပမာဏ ၅ ဒသမ ၃၆ ကို ခြောက်နှစ်ကြာနီးပါး ထိန်းသိမ်းထားနိုင်ခဲ့ပြီး ဘိုင်ယန်မြူးနစ်ကမူ နောက်ဆုံးခြောက်နှစ်တာနီးပါးကို တစ်ပွဲပျမ်းမျှ စွမ်းဆောင်ရည်ပမာဏ ၅ ဒသမ ၂၆ ဖြင့် ဖြတ်သန်းခဲ့ခြင်းဖြစ်သည်။

ပရီးမီးယားလိဂ်အသင်းများအနက်တွင် နောက်ဆုံးခြောက်နှစ်တာနီးပါးဖြတ်သန်းမှုအတွင်း တစ်ပွဲပျမ်းမျှ စွမ်းဆောင်ရည်အကောင်းဆုံးဖြစ်ခဲ့သည်မှာ ၃ ဒသမ ၈၂ ပမာဏကို ထိန်းသိမ်းထားနိုင်ခဲ့သော စပါးဖြစ်ပြီး စပါး၏နောက်တွင် မန်ယူက တစ်ပွဲပျမ်းမျှ စွမ်းဆောင်ရည်ပမာဏ ၃ ဒသမ ၇၂ ဖြင့် ရပ်တည်လျက်ရှိသည်။