မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးသည် မန်ယူနှင့် ဆီဗီလာတို့ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ကွင်းပရိသတ်ရှေ့မှောက်၌ မန်ယူအသင်း အရှုံးရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသည်မှာ နည်းပြမော်ရင်ညို၏နည်းဗျူဟာအမှားကြောင့်ဖြစ်သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

မန်ချက်စတာ၊ မတ် ၁၄

မန်ယူအသင်းကွင်းလယ်ကစားသမားဟောင်း ပေါလ်စခိုးသည် မန်ယူနှင့် ဆီဗီလာတို့ယှဉ်ပြိုင်ကစားခဲ့သည့် ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်အဆင့် ဒုတိယအကျော့ပွဲစဉ်တွင် အိမ်ကွင်းပရိသတ်ရှေ့မှောက်၌ မန်ယူအသင်း အရှုံးရလဒ်ဖြင့် ရင်ဆိုင်ခဲ့ရသည်မှာ နည်းပြမော်ရင်ညို၏နည်းဗျူဟာအမှားကြောင့်ဖြစ်သည်ဟု ဝေဖန်ပြစ်တင်သွားခဲ့ကြောင်း Daily Star က ဖော်ပြထားသည်။

ပေါလ်စခိုးသည် နည်းပြ မော်ရင်ညိုမှာ တိုက်စစ်ကို အားပြု၍ ကစားခဲ့သင့်သည့်ပွဲစဉ်ကို ခံစစ်အားပြု၍ ကစားလိုက်သည့်အတွက် အဆုံးသတ်တွင် ယခုကဲ့သို့ မရှုမလှဖြစ်သွားခဲ့ရခြင်းဖြစ်သည်ဟု မှတ်ချက်ပေးသွားခဲ့ပြီး ပွဲပြီးခါနီး ၁၅ မိနစ်အလိုတွင် ကစားခဲ့သကဲ့သို့ စောစီးစွာ ကစားခဲ့မည်ဆိုပါက မန်ယူမှာ နောက်တစ်ဆင့်တက်ခွင့်ကို ကျိန်းသေရရှိလိမ့်မည်သာဖြစ်ကြောင်းလည်း ပေါလ်စခိုးက ပြောကြားသွားခဲ့သေးသည်။

ပေါလ်စခိုးသည် မော်ရင်ညိုမှာ ဘယ်ခြမ်းတိုက်စစ်၌ အံဝင်နေပြီးဖြစ်သော ရတ်ရှ်ဖို့ဒ်ကို နေရာပြောင်းရွှေ့ကစားစေခဲ့သည့်အချက်က အသင်းကို အထိနာစေခဲ့ကြောင်း ထောက်ပြသွားခဲ့ပြီး ခြေစွမ်းမပြနိုင်ဖြစ်နေသော ဆန်းချက်ဇ်ကို အတင်းအကြပ် နေရာပေးရန် ကြိုးပမ်းနေသည့်အချက်က မန်ယူကို ဟန်ချက်ပျက်သွားစေခဲ့ခြင်းဖြစ်သည်ဟုလည်း ပေါလ်စခိုးက ဆက်လက် အသိပေးသွားခဲ့သည်။

ပေါလ်စခိုးသည် လက်ရှိမန်ယူအသင်းတွင် တိုက်စစ်ကစားဟန်ကို အသက်သွင်းရန်အတွက် လုံလောက်သော ကစားသမားအစုအဖွဲ့တစ်ခု အခိုင်အမာရှိထားသည်ဟု ယုံကြည်ထားပြီး ပွဲစဉ်အားလုံးကို ခံစစ်အသားပေးနည်းဗျူဟာဖြင့် ကစားရန်သာ ဦးတည်နေသော မော်ရင်ညိုကို ၎င်းအနေနှင့် နားမလည်နိုင်တော့ကြောင်းလည်း ပေါလ်စခိုးက ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် ပေါလ်စခိုးက “မော်ရင်ညိုဟာ ဆန်းချက်ဇ်ကို ပွဲစဉ် ၁၀ ပွဲလောက် အသုံးပြုခဲ့ပြီးပါပြီ။ ဒါပေမဲ့ ဆန်းချက်ဇ်က အသင်းနဲ့အံဝင်အောင် အခုအချိန်ထိ ကစားပြနိုင်ခြင်း မရှိသေးပါဘူး။ ဘောလုံးပေးပို့မှုတွေ အရမ်းမှားလွန်းတာက ဆန်းချက်ဇ်ရဲ့အားနည်းချက်ပါပဲ။ လက်ရှိအချိန်မှာ ဆန်းချက်ဇ်ထက် ရတ်ရှ်ဖို့ဒ်က အသင်းနဲ့ပိုပြီး အံဝင်နေပါတယ်။ လီဗာပူးကို အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း ရတ်ရှ်ဖို့ဒ်က ဘယ်ခြမ်းတိုက်စစ်မှာ အစွမ်းပြခဲ့သူပါ။ ဒါပေမဲ့ ဆီဗီလာနဲ့ပွဲကိုရောက်တော့ ရတ်ရှ်ဖို့ဒ်ကို သူပိုင်နိုင်တဲ့နေရာမှာ မကစားခိုင်းဘဲ ဆန်းချက်ဇ်ကို အဲ့ဒီနေရာအတွက် ရွေးလိုက်တာက အသင်းအထိုင်ကို လုံးဝပျက်သွားစေခဲ့ပါတယ်”ဟု အသိပေးသွားခဲ့သည်။