ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမား ကိုဗာဆစ်သည် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးထံသို့ တစ်နှစ်သက်တမ်း အငှားစာချုပ်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီဖြစ်ပြီး အကယ်၍ အငှားသက်တမ်းအတွင်း အသင်းနှင့်အံဝင်စွာ ကစားနိုင်ခဲ့မည်ဆိုပါက လာမည့် ၂၀၁၉ ခုနှစ် နွေရာသီကာလ ကစားသမားအပြောင်းအရွှေ့ဈေးကွက်တွင် ကိုဗာဆစ်ကို အပြီးသတ်ဝယ်ယူခွင့်ရနိုင်ရေးအတွက် ရီးရဲလ်မက်ဒရစ်နှင့် ပြန်လည်ဆွေးနွေးသွားရန်လည်း ချယ်လ်ဆီးက စီစဉ်ထားကြောင်း Daily Mail က ဖော်ပြထားသည်။

လန်ဒန်၊ သြဂုတ် ၉

ချယ်လ်ဆီးမတိုင်မီတွင် ကိုဗာဆစ်ကိုခေါ်ယူရန်အတွက် မန်ယူက ကမ်းလှမ်းဆက်သွယ်ခဲ့သေးကာ နည်းပြ မော်ရင်ညို၏နည်းစနစ်ပိုင်းဆိုင်ရာကို သဘောမကျခြင်းကြောင့် ၎င်းအနေနှင့် မန်ယူထံသို့ ပြောင်းရွှေ့နိုင်မည့် အခွင့်အလမ်းကို ငြင်းဆန်ပယ်ချလိုက်ခြင်းဖြစ်သည်ဟု ကိုဗာဆစ်က ရှင်းပြသွားခဲ့သည်။

အသက် ၂၄ နှစ်အရွယ်ရှိ ကိုဗာဆစ်သည် ၂၀၁၅ ခုနှစ်တွင် အီတလီစီးရီးအေကလပ် အင်တာမီလန်မှနေ၍ ရီးရဲလ်မက်ဒရစ်ထံသို့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ရီးရဲလ်မက်ဒရစ်ထံတွင် တိုနီခရူးစ်နှင့် မိုဒရစ်တို့ရှိနေခြင်းကြောင့် ၎င်းအတွက် ပွဲထွက်ခွင့်အာမခံချက်များ လျော့ကျလာသည့်အတွက် ချယ်လ်ဆီး၏အငှားကမ်းလှမ်းမှုကို လက်ခံရန် ကိုဗာဆစ်က ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

နည်းပြ ဆာရီသည် ၎င်းမှာ ကိုဗာဆစ်၏ကစားဟန်ကို အင်တာမီလန်ကစားသမားဘ၀ကတည်းကပင် သတိပြုမိခဲ့ခြင်းဖြစ်သည်ဟု ပြောကြားသွားခဲ့ပြီး ချယ်လ်ဆီးဒါရိုက်တာ ဂရာနော့ဗ်စကီးယားကလည်း ကိုဗာဆစ် အပြောင်းအရွှေ့ အောင်မြင်စွာ ဖြစ်မြောက်ခဲ့၍ လွန်စွာ ၀မ်းသာမိကြောင်း ထုတ်ဖော်အသိပေးသွားခဲ့သည်။