စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော လူးဝစ္စအင်းနရစ်သည် ၎င်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အခြေပြု၍ စပိန်အသင်းကို ပုံဖော်ထားခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

ဘာစီလိုနာ၊ စက်တင်ဘာ ၁၃

စပိန်လက်ရွေးစင်အသင်းနည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသော လူးဝစ္စအင်းနရစ်သည် ၎င်းမှာ ရီးရဲလ်မက်ဒရစ်အသင်းကို အခြေပြု၍ စပိန်အသင်းကို ပုံဖော်ထားခြင်းဖြစ်သည်ဟု ဖွင့်ဟအသိပေးလိုက်ကြောင်း Daily Star က ဖော်ပြထားသည်။

နည်းပြ အင်းနရစ်သည် စပိန်က ခရိုအေးရှားကို ခြောက်ဂိုး တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့သည့် ဥရောပနိုင်ငံများလိဂ်ပွဲစဉ်တွင် အသင်းပွဲထွက်လူစာရင်း၌ ဘာစီလိုနာအသင်းကိုယ်စားပြုကစားသမားတစ်ဦးသာ ထည့်သွင်းအသုံးပြုသွားခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းကိုယ်စားပြုကစားသမားအရေအတွက်ကမူ ယင်းပွဲထွက်လူစာရင်း၌ ခြောက်ဦးအထိ ပါရှိသွားခဲ့သည်။

အင်းနရစ်သည် ကတ်တလန်အခြေစိုက် ဘာစီလိုနာအသင်းကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်၍ ၎င်း၏လက်ထက်တွင် ဘာစီလိုနာအသင်းကိုယ်စားပြုကစားသမားများကို စပိန်အသင်း၌ ပိုမိုနေရာပေးလာဖွယ်ရှိသည်ဟူသော ကောလာဟလများ ထွက်ပေါ်ခဲ့ဖူးပြီး အင်းနရစ်ကမူ ၎င်းမှာ ကလပ်အသင်းတစ်သင်းကို တာဝန်ယူနေခြင်းမဟုတ်ဘဲ နိုင်ငံလက်ရွေးစင်အသင်းကို ဦးဆောင်နေခြင်းဖြစ်သည်ဟူသောအသိကို အမြဲပင် ခေါင်းထဲထည့်ထားကြောင်း ပြောကြားသွားခဲ့သည်။

သတင်းမီဒီယာများနှင့်တွေ့ဆုံခဲ့ရာတွင် အင်းနရစ်က “အသင်းဟန်ချက်ညီနေဖို့ကိုပဲ ကျွန်တော်အလေးထားပါတယ်။ ပွဲထွက်ကစားသမား ၁၁ ယောက်မှာ ရီးရဲလ်မက်ဒရစ်ကစားသမားခြောက်ဦးပါရှိနေတယ်ဆိုတဲ့ကိစ္စကို ကျွန်တော် ခေါင်းထဲထည့်မထားပါဘူး။ သူတို့ဟာ စပိန်လက်ရွေးစင်အသင်းအတွက် ကစားနေသူဖြစ်တယ်ဆိုတာကို သဘောပေါက်ကြရပါလိမ့်မယ်။ ယူရို ၂၀၂၀ ခြေစစ်ပွဲအောင်မြင်ရေးဆိုတဲ့အကြောင်းကို ကျွန်တော် ခေါင်းထဲ မထည့်အားသေးပါဘူး။ လက်ရှိမှာ အင်္ဂလန်နဲ့ ခရိုအေးရှားတို့ကို ကျော်ဖြတ်ပြီး နောက်တစ်ဆင့်တက်နိုင်ဖို့က ပိုအရေးကြီးပါတယ်”ဟု အသိပေးသွားခဲ့သည်။