“ဦးသိန်းစိန် အစိုးရလက်ထက်ကရလာတဲ့ မီဒီယာလွတ်လပ်ခွင့် နောက်ဆုတ်သွားတယ်ဆိုတာ တော်တော်ကို သိသိသာသာ ဖြစ်သွားတယ်”
အောက်တိုဘာလ ၈ ရက်ထုတ် Weekly Eleven ဂျာနယ်ပါဆောင်းပါးတစ်ပုဒ်နှင့်ပတ်သက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ကို ပြည်သူများက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့စေသည်ဟုဆိုကာ Eleven Media Group မှ အယ်ဒီတာချုပ်၊ တာဝန်ခံအယ်ဒီတာနှင့် သတင်းထောက်ချုပ်တို့အား ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က ပုဒ်မ ၅၀၅ (ခ) နှင့် တရားစွဲဆိုခဲ့သည့် ဖြစ်စဉ်အပေါ် အောက်ပါပုဂ္ဂိုလ်များ၏အမြင်များကို ကောက်နုတ်ဖော်ပြပါသည်။

“ဒီကိစ္စမှာ ကျွန်တော်တို့ သဘောပေါက်တာကတော့ နှစ်ဦးနှစ်ဖက် အစိုးရဘက်ရော စာနယ်ဇင်းဘက်ကရော နှစ်ဦးနှစ်ဖက်ဟာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုအပေါ်မှာ နည်းနည်းတော့ ချိန်ဆကြရလိမ့်မယ်လို့ ထင်တယ်”
မုံရွာအောင်ရှင် (NLD ဗဟိုပြန်ကြားရေးကော်မတီ)

“ဒီကိစ္စကို ကျွန်တော်တစ်ဦးချင်းအနေနဲ့ပဲ ပြောချင်ပါတယ်။ ဒီလိုဖြစ်တဲ့ကိစ္စကို ကျွန်တော် လုံးဝ စိတ်မကောင်းပါဘူး။ အထူးသဖြင့် စာနယ်ဇင်းအတွက်လည်း စိတ်မကောင်းစရာပါပဲ။ ဒီကိစ္စမှာ ကျွန်တော်တို့ သဘောပေါက်တာကတော့ နှစ်ဦးနှစ်ဖက် အစိုးရဘက်ရော စာနယ်ဇင်းဘက်ကရော နှစ်ဦးနှစ်ဖက်ဟာ လွတ်လပ်မှုနဲ့ တာဝန်ယူမှုအပေါ်မှာ နည်းနည်းတော့ ချိန်ဆကြရလိမ့်မယ်လို့ထင်တယ်။ ဒါဘက်တစ်ဖက်တည်းကိုလိုက်ပြီး ကျွန်တော် မပြောပါဘူး။ နှစ်ဖက်စလုံးဟာ ကိုယ့်ရဲ့လွတ်လပ်မှုနဲ့ တာဝန်ယူမှုအပေါ်မှာ Balance လုပ်ဖို့သင့်တယ်လို့ ထင်ပါတယ်။ စာနယ်ဇင်းကတော့ ရေးတာပြုတာကတော့ စာနယ်ဇင်းရဲ့ သဘာဝပဲ ရေးရမှာပါပဲ။ အခုက အရာရာ ထစ်ခနဲရှိ ဒီလိုကိစ္စဖြစ်တာမျိုးကတော့ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်”

“ဦးသိန်းစိန် အစိုးရလက်ထက်ကရလာတဲ့ မီဒီယာလွတ်လပ်ခွင့် နောက်ဆုတ်သွားတယ်ဆိုတာ တော်တော်ကို သိသိသာသာ ဖြစ်သွားတယ်”
ဦးရဲထွန်း (နိုင်ငံရေးလေ့လာသုံးသပ်သူ- လွှတ်တော်ကိုယ်စားလှယ်ဟောင်း)

“ဒီလိုဖြစ်တဲ့အပေါ်မှာ ကျွန်တော်လည်း ဖတ်ကြည့်ပါတယ်။ ဖတ်ကြည့်လို့ သိသလောက်ဆိုရင် သိသိသာသာ ဘာဖြစ်သွားသလဲဆိုရင် ဦးသိန်းစိန်အစိုးရလက်ထက်ကရလာတဲ့ မီဒီယာလွတ်လပ်ခွင့် နောက်ဆုတ်သွားတယ်ဆိုတာ တော်တော်ကို သိသိသာသာ ဖြစ်သွားတယ်။ အရင်မှာလည်း နည်းနည်းစီရှိပါတယ်။ The Voice မှာ တပ်မတော်နဲ့ ပတ်သက်ပြီး ရေးတယ်ဆိုပြီးတော့ တရားစွဲခံရတာ၊ တနင်္သာရီတိုင်းမှာ ဝန်ကြီးချုပ်ကို သရော်စာရေးတယ်ဆိုပြီး တရားစွဲခံရတာ အခုနောက်ဆုံးဖြစ်သွားတာကျတော့ အစိုးရအဖွဲ့ ဝန်ကြီးချုပ်ကိုယ်တိုင်က လုပ်ခိုင်းတယ်၊ ဖမ်းခိုင်းတယ်၊ တရားစွဲတယ်ဆိုတာက သိပ်ပြီးတော့ သိသာထင်ရှားစေတယ်။ သူတို့ရေးတဲ့ဟာတွေကလည်း စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ လွှတ်တော်ကိုယ်စားလှယ်က လွှတ်တော်မှာဝေဖန်တဲ့ဟာတွေကို အခြေခံပြီးရေးထားတဲ့ဟာ ဖြစ်တယ်။ ဒီအပေါ်မှာ အစိုးရအဖွဲ့အနေနဲ့ မှားနေတယ်ဆိုရင်တောင်မှ သူကပြန်ပြီး လွှတ်တော်ထဲမှာ ပြန်ရှင်းပြလိုက်လို့ရှိရင် ဘာမှ ပြဿနာရှိတဲ့ကိစ္စ မဟုတ်ဘူး။ ဒီလိုလုပ်လိုက်ခြင်းအားဖြင့် သူအမှားကို သူဖုံးကွယ်ချင်လို့ လုပ်သလားပေါ့။ ဒါတွေက နောင်လာမယ့် ၂၀၂၀ ရွေးကောက်ပွဲအတွက် ပြိုင်ဘက်ပါတီတွေအတွက် အချက်အလက်ပေးသလို ဖြစ်နေတယ်။ စာနယ်ဇင်း ကောင်စီဥပဒေ ဆိုတာက လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ကို အကြောက်တရားနဲ့ ခြိမ်းခြောက်ရာမကျအောင် တစ်ဆင့်ခံထားတဲ့ဥပဒေပါ။ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်ဘဝတုန်းက ဒီဟာနဲ့ပဲ ဆွဲကြဖို့ လုပ်ခဲ့တာပါ။ အစိုးရအဖွဲ့အနေနဲ့ Eleven Media ကို မတရားရေးတယ်လို့ ယူဆတယ်ဆိုရင် အရင်ဆုံး စာနယ်ဇင်းကောင်စီကို တိုင်ရမယ်။ အစိုးရအဖွဲ့ဂုဏ်သိက္ခာ ထိခိုက်တယ်၊ ရေးတဲ့သူတွေဘက်က မှားတယ်ဆိုရင် စာနယ်ဇင်းကောင်စီကနေ ညှိနှိုင်းပြီးတော့ တောင်းပန်စာ ထုတ်ရမယ်။ အခုကတော့ အဲလိုမဟုတ်ဘဲ ၅၀၅ (ခ) နဲ့ စွဲတယ်ဆိုတော့ လွတ်လပ်စွာ ပြောဆိုခွင့်၊ ရေးသားခွင့်ကို ခြိမ်းခြောက်တဲ့အဓိပ္ပာယ်ဖြစ်နေတယ်။ ဒီဟာတွေ ကြားရတာတွေက တော်တော်တော့ စိတ်မကောင်းဘူး။ လွတ်လပ်စွာ၊ ပြောဆိုခွင့်ရေးသားခွင့်တွေ အခြေခံ အခွင့်အရေးတွေက အရင်စစ်အစိုးရလက်ထက်အောက် မှာကျင့်သုံးခဲ့လို့ အစိုးရသစ်လက်ထက်မှာ ပိုများကောင်းလာမလားလို့ မျှော်လင့်တာ။ အခုက အရင်ဦးသိန်းစိန်အစိုးရလက်ထက်ကထက်တောင် ပိုပြီး ဆိုးသွားတယ်၊ နောက်ဆုတ်လာတယ်လို့ မြင်မိပါတယ်။ အဲဒီအတွက် စိတ်မကောင်းဖြစ်မိပါတယ်”

“တိုင်းအစိုးရအနေနဲ့ နိုင်ငံရေးရင့်ကျက်မှု အနည်းငယ် လိုအပ်တယ်လို့ မြင်တယ်”
ဦးခင်မောင်မြင့် (ဥပဒေအကြံပေး)

“အုပ်ချုပ်ရေးမဏ္ဍိုင်ကို သတင်းမီဒီယာကလည်း စတုတ္ထမဏ္ဍိုင်အနေနဲ့ ဝေဖန်ထောက်ပြပြီးတော့ ထိန်းညှိပေးရမယ့်တာဝန်ရှိတယ်။ Eleven Media က ရေးတယ်ဆိုတာကလည်း အထောက်အထားနဲ့ သီးခြားသတင်းရင်းမြစ် ခိုင်ခိုင်မာမာမရှိဘဲနဲ့ သူ ရေးတာမဟုတ်ဘူး။ လွှတ်တော်အတွင်းမှာ လွှတ်တော်ကနေ တာဝန်ပေးထားတဲ့ တိုင်းစာရင်းချုပ်က အစီရင်ခံစာကြောင့် လွှတ်တော်အတွင်းမှာ အခြေအနေ ဆွေးနွေးကြတယ်။ ဆွေးနွေးရင်းက ပေါ်ပေါက်လာတဲ့ အချက်တွေအပေါ်မှာ သူတို့က ထောက်ပြပြီးရေးတာပေါ့။ ရေးတော့ အကယ်၍များ ရေးတာသည် နိုင်ငံရေး ရင့်ကျက်မှုရှိမယ်ဆိုရင် လက်ကမ်းကြိုဆိုရမှာပေါ့။ ဘာကြောင့်တုံးဆိုတော့ ဘယ်နိုင်ငံရေးအဖွဲ့အစည်းမှ ခြောက်ပစ်ကင်း သဲလဲစင် အကောင်းတွေချည်း မလုပ်နိုင်သလို အဆိုးတွေချည်းလည်း မလုပ်နိုင်ပါဘူး။ ကောင်းတာတွေများရင် ကောင်းတဲ့အစိုးရပေါ့။ ဆိုးတာတွေ များတော့လည်း ဆိုးတဲ့အစိုးရ ဖြစ်တာပေါ့။ စေတနာ မှန်ကန်သော်လည်းပဲ ဆောင်ရွက်ပုံဆောင်ရွက်နည်းက လွဲမှားသွားခဲ့တယ်ဆိုရင် ဝေဖန်ထောက်ပြချက်တွေကို လက်ခံပြီးတော့မှ ပြန်လည်ပြင်ဆင်ရမှာပေါ့။ ဒီဘက်က ကြည့်လိုက်တော့လည်း တိုင်းအစိုးရအနေနဲ့ နိုင်ငံရေးရင့်ကျက်မှု အနည်းငယ် လိုအပ်တယ်လို့ မြင်တယ်။ ဥပဒေရေးရာအရပြောရင် နိုင်ငံတော်သမ္မတကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့ သတင်းမီဒီယာကောင်စီဥပဒေဟာ နိုင်ငံတစ်ဝန်းလုံးမှာ အာဏာတည်နေပါပြီ။ အာဏာတည်ဖို့အတွက်လည်းပဲ အစိုးရယန္တရားထဲမှာရှိသော တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရတွေ ကိုယ်တိုင်ကိုက အလေးအနက်ထားပြီး လိုက်နာဖို့ လိုအပ်ပါတယ်။ ဒီဥပဒေတစ်ရပ် ပြဋ္ဌာန်းထားပြီးတော့မှ ဒီဥပဒေကိုပစ်ပယ်ပြီးတော့ ချက်ချင်း အရေးယူနိုင်တဲ့ ရာဇသတ်ကြီး ဥပဒေတွေနဲ့ အရေးယူတယ်ဆိုတာက မဖြစ်ကောင်းဘူး။ ဥပဒေသဘောအရပြောရင် မသင့်လျော်ဘူးပေါ့။ အခုက သတင်းအပေါ်မှာ အခြေခံပြီးဖြစ်တဲ့အတွက် သတင်းမီဒီယာ ကောင်စီဥပဒေ ပုဒ်မ ၃၅ (က) ၃၆ အရ သတင်းမီဒီယာကောင်စီကို တိုင်ကြားပြီးတော့မှ ညှိနှိုင်းဖြေရှင်းဆောင်ရွက်ဖို့ ကြိုးစားရမှာပေါ့။ အစိုးရကိုယ်တိုင် သတင်းမီဒီယာကောင်စီကလည်း ဖွဲ့စည်းထားပါလျက်နဲ့ တိုင်းအစိုးရကိုယ်တိုင် သတင်းမီဒီယာကောင်စီကို ပစ်ပယ်ပြီးတော့မှ ရာဇသတ်ကြီးပုဒ်မတွေနဲ့ အရေးယူနေတာတွေက ဥပဒေအနေနဲ့ ဘယ်လိုမှမသင့်လျော်ဘူး။ သတင်းနဲ့ပတ်သက်ရင် သတင်းမီဒီယာကောင်စီကို ညှိနှိုင်းအရင် တိုင်ကြားရမယ်။ မီဒီယာကောင်စီဥပဒေအရ မတိုင်ကြားချင်ရင် ရဲစခန်းသို့ဖြစ်စေ၊ တရားရုံးသို့ဖြစ်စေ တိုင်ကြားနိုင်သည်လို့ ထပ်ပြီးလမ်းဖွင့်ပေးပြန်တော့ ဒီဥပဒေကြီးက မြောင်းထဲရောက်တဲ့ ဥပဒေကြီးဖြစ်သွားတယ်။ မီဒီယာကောင်စီဥပဒေကလည်း လိုက်နာဆောင်ရွက်ဖို့ အင်မတန်ကို အားနည်းတယ်။ ဒီကနေ့အထိ ကောင်စီအဖွဲ့ဝင်တွေကို ဒါကိုပြင်ဖို့ ကြိုးစားတာ မတွေ့ရဘူး။ ရာဇသတ်ကြီးပုဒ်မ ၅၀၅ (ခ) အရ တိုင်ကြားတာသည် ဥပဒေအရ လွဲမှားမှုမရှိဘူး။ သူ့မှာ အခွင့်အရေးရှိတယ်။ သူ့မှာ မီဒီယာဥပဒေအရ တိုင်ချင်လည်း တိုင်မယ်။ မတိုင်ချင်လည်း ၅၀၅ (ခ) နဲ့ ဖွင့်လို့ရတယ်လို့ မီဒီယာကောင်စီဥပဒေကိုယ်တိုင်က လမ်းဖွင့်ပေးထားတဲ့အတွက် ဥပဒေအရတော့ မှားယွင်းတယ်လို့ မဆိုနိုင်ဘူး။ သို့သော် နိုင်ငံရေးရင့်ကျက်မှု သဘော၊ မဏ္ဍိုင်အချင်းချင်း အပြန်အလှန် ထိန်းညှိကြရမယ့် သဘောဆိုရင်တော့ ဒါဟာ မသင့်တော်ဘူး။ ဒီထက် ပိုပြီး အစိုးရကိုယ်တိုင်ဖွဲ့စည်းထားတဲ့ သတင်း မီဒီယာ ကောင်စီနဲ့ အလေးပေးသောနည်းလမ်းနဲ့ ဖြေရှင်းသင့်တယ်လို့ မြင်ပါတယ်”

“မိမိရဲ့ ပြည်သူတွေအပေါ်မှာ ၅၀၅ (ခ) နဲ့ စွဲလိုက်တယ်ဆိုကတည်းက ပြည်သူတွေအပေါ်မှာ အုပ်ချုပ်နေတဲ့ စိတ်ထားကို ဖော်ပြလိုက်တာပဲလို့ ပြောချင်တယ်”
ဒေါ်စန္ဒာမင်း (ဆိပ်ကြီးခနောင်တို မဲဆန္ဒနယ်အမှတ် ၁ မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်)

“စာရင်းစစ်ချုပ်က အစီရင်ခံစာကို မှန်မှန် ကန်ကန် ထွက်လာတဲ့အချိန်ကျတော့ ရန်ကုန်တိုင်း အတွင်းမှာ ဘာတွေဖြစ်နေသလဲဆိုတာ သိရတယ်။ သိရတဲ့အခါကျတော့ အားလုံးက ဒီအပေါ်မှာ ဆွေးနွေးချင်တဲ့စိတ်ဆန္ဒတွေ အရမ်းပြင်းပြတယ်။ ဒါကြောင့်မို့ ဆွေးနွေးတဲ့အခါ မြေပြင်မှာဖြစ်နေတဲ့ လက်ရှိ ပကတိအခြေအနေရော၊ စာရင်းစစ်ချုပ်ရဲ့ တင်ပြ ထားတဲ့စာရင်းတွေ အချက်အလက် အမှန်အကန်တွေပေါ်မှာ ဆွေးနွေးခဲ့တာပါ။ ဒီဆွေးနွေးခဲ့တဲ့အချက်တွေအပေါ်မှာ မူတည်ပြီးတော့ အပြင်ကနေ မီဒီယာတွေက ပြန်ရေးတယ်လို့ သဘောပေါက်ပါတယ်။ ဒီဟာတွေအပေါ်မှာ သွေဖယ်ပြီးတော့ ရေးထားတယ်ဆိုလို့ရှိရင်တော့ သူတို့မှာ အပြစ်ရှိတယ်ပေါ့။ နံပါတ် ၁ အချက်က အခုသူတို့ဟာ အစ်မတို့ဆွေးနွေးထားတဲ့ အချက်အလက်တွေအပေါ်မှာ အခြေခံပြီး ရေးထားတာဖြစ်တဲ့အတွက် သူတို့အပေါ်မှာ အပြစ်မရှိဘူးလို့ ပြောချင်တယ်။ နံပါတ် ၂ အချက်က ၅၀၅ (ခ) ဆိုတဲ့ပုဒ်မပါ။ ဒီပုဒ်မဟာ အရင်စစ်အစိုးရလက်ထက်တုန်းကလိုပဲ ၅(ည) ကဲ့သို့တော့ အမြင်ကတ်ပုဒ်မပေါ့။ အမြင်ကတ်ပုဒ်မဖြစ်တဲ့အတွက် အလွန်တရာ ကျယ်ပြန့်တယ်။ ဆင်ခြင်တုံတရားနဲ့ပတ်သက်တဲ့ ပုဒ်မလို့ပဲ ပြောချင်တယ်။ ဒီလိုပုဒ်မမျိုးတွေနဲ့ ဆွဲတယ်ဆိုတဲ့ဟာကတော့ ပြည်သူ့လူထုတွေကို အုပ်ချုပ်နေတဲ့အစိုးရက မိမိရဲ့ ပြည်သူတွေအပေါ်မှာ ၅၀၅ (ခ) နဲ့ စွဲလိုက်တယ်ဆိုကတည်းက ပြည်သူတွေအပေါ်မှာ အုပ်ချုပ်နေတဲ့စိတ်ထားကို ဖော်ပြလိုက်တာပဲလို့ ပြောချင်တယ်။ နောက်တစ်ခုကတော့ အစ်မထင်တာကတော့ ပြည်သူတွေအပေါ်မှာ မေတ္တာထားလို့ရှိရင် မေတ္တာပြန်ရမယ်။ မေတ္တာမထားဘူးဆိုရင်တော့ ရန်မူတုံ့ပြန်တဲ့သဘောနဲ့ ပြည်သူတွေအပေါ်မှာ ဆက်ဆံမယ်ဆိုရင် တန်ပြန်တဲ့အကျိုးကို ပြန်ရမယ်လို့ ပြောချင်ပါတယ်”

“လောလောဆယ် လုပ်နည်းလုပ်ဟန်ကတော့ မီဒီယာသမားတွေကို ထောင်ထဲကို အရင်ပို့ပြီးတော့မှ တရားရင်ဆိုင်ခိုင်းတဲ့ အမှုမျိုးနဲ့စွဲတာမျိုးကတော့ မလုပ်သင့်ဘူး”
ကိုသီဟသွေး (နိုင်ငံခြားသတင်းထောက်)

“ကျွန်တော့်အမြင်ပြောရရင် မီဒီယာကောင်စီဆိုတာက နိုင်ငံတော်သမ္မတရော လွှတ်တော်မှာရော အဆိုပြုထားပြီး ပေးပို့ထားတဲ့ပုဂ္ဂိုလ်တွေ ပါဝင်ဦးဆောင်တဲ့ မီဒီယာကောင်စီဖြစ်ပြီးတော့ ပူးပေါင်းတဲ့ကာလမှာ အစိုးရနဲ့ မီဒီယာကြားမှာ ပွတ်တိုက်မှုတွေရှိလာတဲ့အခါ ညှိနှိုင်းမှုတွေ လုပ်ပေးဖို့ ဆောင်ရွက်ပေးဖို့ ရည်ရွယ်ချက်လည်း ပါတာပေါ့။ အစိုးရကိုယ်တိုင်က လိုလိုလားလားလုပ်ထားတဲ့ ယန္တရားရှိရဲ့သားနဲ့ ဒီယန္တရားကိုကျော်ပြီးတော့ ရန်ကုန်တိုင်းအစိုးရအနေနဲ့ အရေးယူဖို့ ကြိုးစားတာက ဗဟိုအစိုးရရဲ့ မူဝါဒတွေကိုများ လွန်ဆန်ပြီး လုပ်နေသလားဆိုတာ ပြန်သုံးသပ်ဖို့ လိုလာပါတယ်။ ဗဟိုအစိုးရအနေနဲ့ ဒါတွေကို ပြန်သုံးသပ်သင့်ပါတယ်။ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး နိုင်ငံတကာကလည်း ပြောဆိုနေတဲ့အချိန်မျိုးမှာ ဒီလိုမျိုး ထပ်ဖြစ်တာဟာ တိုင်းပြည်အပေါ်မှာ နိုင်ငံရေးအရရော နိုင်ငံတကာဆက်ဆံရေးအရရော ဖိအားတွေ အများကြီး ဖြစ်စေတယ်။ မီဒီယာလွတ်လပ်ခွင့်မရှိတဲ့အခါ ဖိအားရှိတဲ့အတွက် ကျွန်တော်တို့ကိုယ်ကျွန်တော်တို့ ကန့်သတ်နေရတယ်။ ဒါကြီးဟာ တစ်နေ့တခြား ပိုဆိုးလာတဲ့အတွက် မကောင်းတဲ့လက္ခဏာ၊ ဒီလိုအချိန်မျိုးမှာ ဖြစ်တဲ့အတွက် နှစ်ဦးနှစ်ဖက် မကောင်းတဲ့ ဆိုးကျိုးတွေ ထိခိုက်နိုင်ပါတယ်။ လောလောဆယ်သတင်း အတိအကျ မရသေးတဲ့အတွက် ဘာကြောင့်စွဲတယ်ဆိုတာ တိတိကျကျ မသိသေးဘူး။ လောလောဆယ် လုပ်နည်းလုပ်ဟန်ကတော့ မီဒီယာသမားတွေကို ထောင်ထဲကို အရင်ပို့ပြီးတော့မှ တရားရင်ဆိုင်ခိုင်းတဲ့ အမှုမျိုးနဲ့စွဲတာမျိုးကတော့ မလုပ်သင့်ဘူး။ ဒီလိုမျိုး ယုံကြည်မှု တည်ဆောက်နေတဲ့ကာလမှာ မလုပ်သင့်ဘူးလို့ မြင်ပါတယ်”

“ဒီအချိန်မှာ သိသိနဲ့ လုပ်တယ်ဆိုတာကြီးကတော့ သတင်းစာဆရာတွေကို ချက်ချင်း ဖမ်းထည့်ချင်တဲ့သဘောပေါ့”
ကိုဇေယျာလှိုင် (သတင်းမီဒီယာကောင်စီဝင်)

“အရမ်းကို ရိုးရှင်းပါတယ်။ သတင်းစာဆရာတွေကို ချက်ချင်း လက်ငင်းလက်ထိတ်ခတ်ထောင်ထဲ ထည့်ချင်တဲ့စေတနာကြောင့် အခုလိုလုပ်တာလို့ ပေါ်လွင်ထင်ရှားပါတယ်။ ဘာလဲဆိုတော့ အရှေ့မှာ Eleven CEO ဒေါက်တာသန်းထွဋ်အောင်နဲ့ အယ်ဒီတာချုပ် ကိုဝေဖြိုးတို့ကိစ္စတုန်းက အဲဒီတုန်းက မေးတဲ့အခါ မီဒီယာဥပဒေနဲ့ မီဒီယာကောင်စီရှိတယ်ဆိုတာ သူတို့မသိလို့ပါဆိုပြီး ပြောတာရှိတယ်။ ကျွန်တော်တို့ရှင်းပြတော့ သူတို့သိသွားပြီပေါ့။ ဒီအချိန်မှာ သိသိနဲ့လုပ်တယ် ဆိုတာကြီးကတော့ သတင်းစာဆရာတွေကို ချက်ချင်း ဖမ်းထည့်ချင်တဲ့သဘောပေါ့။ သူတို့ရေးသားမှုက အဲဒီပုဒ်မ မြောက်လား၊ မမြောက်လား ပြစ်မှုရှိလား၊ မရှိလား မဖြေရှင်းရသေးခင်မှာပဲ ဒီလို အချုပ်ကျတယ်ဆိုတာက မတရားဘူးပေါ့။ ဒါတွေကို ဝန်ကြီးချုပ်တစ်ယောက်အနေနဲ့ မသိတာမဟုတ်ဘူး။ ပြီးခဲ့တဲ့ရက်ပိုင်းက ဥပဒေရေးရာနဲ့ပတ်သက်ပြီး ဆွေး နွေးမှုလုပ်တယ်ဆိုတာ သတင်းတွေမှာ သိပြီးသားဖြစ်မှာလိမ့်မယ်။ အဲဒီမှာ သူတို့စားပွဲတွေမှာ Eleven သတင်းစာတင်ထားတာ ထူးခြားပါလိမ့်မယ်။ အဲဒီလို ဥပဒေပညာရှင်များနဲ့ ဘယ်ဥပဒေပုဒ်မနဲ့ ချဉ်းကပ်ရမလဲဆိုတာ သေချာမေးပြီးမှလုပ်တယ်လို့ သူတို့ သတင်းဓာတ်ပုံအရ ယူဆလို့ရပါတယ်။ မီဒီယာဥပဒေနဲ့ မီဒီယာကောင်စီရှိတယ်ဆိုတာ ပထမတစ်ကြိမ်တည်းက သူတို့သိထားပြီးဖြစ်တယ်။ အဲဒီတော့ လူ့အဖွဲ့အစည်းမှာ ပြဿနာတက်တဲ့အခါမှာ နားလည်မှုလွဲတာလည်း ရှိကောင်းရှိနိုင်တယ်။ မှားသွားတာလည်း ရှိကောင်းရှိနိုင်တယ်။ မီဒီယာကျင့်ဝတ်အရ မှားယွင်းတယ်ဆိုရင် ပြန်လည်ပြင်ဆင်ခွင့်ဆိုတာရှိတယ်။ မှားသွားရင် တောင်းပန်ပြီး ရေးလို့ရတာတွေရှိတယ်။ နားလည်မှုလွဲတယ်ဆိုရင် အချက်အလက်နဲ့ပြပြီး လက်ခံရတာတွေရှိတယ်။ ဒါမျိုးတွေ အဲဒီအဆင့်အထိ မလုပ်ဘဲနဲ့ တိုက်ရိုက်ကြီးဖမ်းတာကတော့ သတင်းစာဆရာတွေကို ချက်ချင်း ဖမ်းချုပ်စေချင်တဲ့စေတနာက ပေါ်လွင်စေပါတယ်”

သက်သျှိုင်းသူ