“ငြမ်းဆင်ပြီးလို့ တက်လို့ရတာနဲ့ တာဝန်ယူလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ရယ်၊ ပညာရှင်အဖွဲ့တွေနဲ့ တက်ရောက်စစ်ဆေးဖို့ရှိတယ်”
“ငြမ်းဆင်ပြီးလို့ တက်လို့ရတာနဲ့ တာဝန်ယူလုပ်ခဲ့တဲ့ပုဂ္ဂိုလ်ရယ်၊ ပညာရှင်အဖွဲ့တွေနဲ့ တက်ရောက်စစ်ဆေးဖို့ရှိတယ်”



ရွှေတိဂုံစေတီတော်ကြီးတွင် ငါးနှစ်တစ်ကြိမ်ကျ လုံးတော်ပြည့်ရွှေသင်္ကန်း နိုဝင်ဘာလအတွင်း ကပ်လှူရန် စီစဉ်နေလျက်ရှိစဉ် လွန်ခဲ့သောလေးနှစ်က စေတီတော်၌ ကပ်လှူထားသော ရွှေပြားသင်္ကန်းအချို့မှာ ရွှေရောင်မှေးမှိန်လာသည့်အပြင် ဓာတ်သတ္တုရောနှောထားသည်ဆိုသော ပြောဆိုချက်များ၊ ဓာတ်ပုံများ လူမှုကွန်ရက်တွင် ပျံ့နှံ့လာခြင်းနှင့်ပတ်သက်၍ မည်သို့ဖြေရှင်းမည်ဆိုသည်ကို သိရှိနိုင်ရန် ရွှေတိဂုံဘုရားဂေါပကအဖွဲ့ ရုံးအဖွဲ့မှူး ဦးထွန်းအောင်ငွေကို The Voice သတင်းစာက တွေ့ဆုံမေးမြန်းထားသည်ကို ကောက်နုတ်ဖော်ပြပါသည်။

Voice : ရွှေတိဂုံစေတီ ရွှေသင်္ကန်းက ကပ်လှူတာနဲ့ပတ်သက်ပြီး ဘယ်လိုတွေ ကပ်လှူတာလဲဆိုတာ သိချင်ပါတယ်။ အခုနိုဝင်ဘာမှာလည်း ပြန်ပြီး ကပ်မယ်ဆိုတော့လေ။
UTAN : ရွှေသင်္ကန်းကတော့ ပုံမှန် ငါးနှစ်တစ်ကြိမ်ကပ်ပါတယ်။ ရွှေသင်္ကန်းဆိုတဲ့အပိုင်းမှာ စေတီတော်ကြီးမှာကပ်တဲ့ ရွှေသင်္ကန်းအမျိုးအစား သုံးခုရှိပါတယ်။ အပေါ်ဆုံးမှာက ရွှေပြားခတ်တယ်။ ရွှေပြားကိုမှ ကြေးပြားပေါ်မှာ ကော်ကပ်တယ်။ Gold Plate လို့ ခေါ်တဲ့ ရွှေပြားသင်္ကန်း။ အပေါ်ဆုံး ငှက်ပျောဖူးက စတာပေါ့နော်။ အဲ့ဒါက ခြောက်ကျပ်သားရှိတယ်။ သုံးကျပ်သားရှိတယ်။ နောက်တစ်ခုက Gold Coating ရိုးရိုးကြေးပြားပေါ်မှာ ရွှေရည်သုတ်ထားတာ။ တစ်ကျပ်သားက အများဆုံးပဲ။ နောက်တစ်ခုက မျက်ပါးရွှေသင်္ကန်းပေါ့။ မျက်ပါးရွှေကျတော့ ငှက်ပျောဖူး၊ ကြာမောက်၊ ကြာလန်၊ ခေါင်းလောင်း၊ ကြေးကွင်းငါးဆင့်၊ ပြီးတော့ အောက်က ရှစ်မြှောင့်ပစ္စယာတွေမှာ မျက်ပါးရွှေသင်္ကန်းတွေပေါ့။ မျက်ပါးရွှေသင်္ကန်းဆိုတာကလည်း သစ်စေးအရင်သုတ်ရတယ်။ ပြီးမှ သစ်စေးပေါ်က မျက်ပါးရွှေကို ကပ်တယ်။

Voice : အခုပေါ့ အန်ကယ်လည်းကြားမှာပေါ့။ ဓာတ်ပုံတွေမှာလည်း မြင်မှာပါ။ အခု စေတီတော်ရဲ့ ငှက်ပျောဖူးအောက်ဘက်မှာ ရွှေတွေက မည်းနေတယ်ပေါ့။ ဘယ်လိုများ ဖြစ်တာလဲမသိဘူး။
UTAN : ရွှေသင်္ကန်းကပ်ထားတာ စေတီတော်ကြီးမှာ ခုနကပြောသလို သုံးမျိုးရှိပါတယ်။ အဲဒီတော့ မျက်ပါးရွှေသည် ရာသီဥတုကြောင့် လေးနှစ်ခံတာရှိတယ်။ ငါးနှစ်ခံတာရှိတယ်။ အဲ့တော့ ကျွန်တော်တို့က ငါးနှစ်အထိခံအောင် လုပ်ခိုင်းပြီးတော့ မျက်ပါးရွှေအပေါ် မူတည်ပြီး ငါးနှစ်တစ်ကြိမ် ရွှေသင်္ကန်းကပ်တယ်ဆိုတဲ့ အလေ့အထနဲ့ ကပ်ပါတယ်။ အခု ကျွန်တော်တို့က လွန်ခဲ့တဲ့ ၂၀၁၄ - ၂၀၁၅ ခုနှစ်တုန်းက ကပ်ခဲ့တာဖြစ်တဲ့အတွက် ၂၀၁၉ - ၂၀၂၀ ဆို ငါးနှစ်ပြည့်မယ်။ သို့သော်လည်း စေတီတော်ကြီးရဲ့ ကြာမှောက်၊ ကြာလှန်၊ ရွဲလုံးနေရာတွေမှာ ရွှေရောင်မှေးမှိန်နေတဲ့အတွက် ကြိုပြီးတော့ ဒီမှာတော့ တစ်နှစ်စောပြီး ရွှေသင်္ကန်းကပ်တာ ဖြစ်ပါတယ်။ အားလုံးပြီးရမှာက ၂၀၁၉ ခုနှစ် မတ်လ တပေါင်းလပြည့်မှာ ရွှေသင်္ကန်းအပြီးကပ်မယ်။

Voice : အခုလို စေတီတော်ရဲ့ ကိုယ်လုံးတော်နေရာတချို့ မည်းလာတာနဲ့ပတ်သက်လို့လည်း ရွှေတိဂုံဘုရားရဲ့ရွှေသင်္ကန်းတွေဟာ ကြေးနဲ့ဘော်သတ္တုရောထားတယ်လို့လည်း ပြောနေကြတယ်။ အဲဒါနဲ့ပတ်သက်လို့ ဘယ်လိုများ ပြောချင်ပါသလဲ။
UTAN : ကျွန်တော်တို့ ရွှေသင်္ကန်းကပ်လှူတာက ငါးနှစ်တစ်ကြိမ်ကပ်တာပါ။ ဒီနှစ်စောပြီး ကပ်လိုက်တာက ကြာမှောက်၊ ကြာလန်၊ ရွဲလုံးဧရိယာတွေမှာ ၂၀၀၈ - ၂၀၀၉ ခုနှစ်တုန်းက စမ်းသပ်ပြီးတော့ ကပ်ခဲ့တယ်။ စမ်းသပ်တာက Gold Coating စပြီးတော့ သုံးခဲ့တယ်။ အဲ့ဒီနေရာတွေက ရွှေရောင်တွေ မှေးမှိန်နေတဲ့အတွက် အဲ့ဒီနေရာကို စမ်းသပ်ဖို့ တစ်နှစ်စောပြီး ရွှေသင်္ကန်းကပ်တယ်ဆိုတာ မှန်ပါတယ်။ ကျန်တဲ့နေရာတွေမှာ ဘာမှ ပြဿနာမရှိပါဘူး။ ကျန်တဲ့နေရာတွေက အရင်အတိုင်းပါပဲ။ ရွှေရည်နိမ့်နေတာလည်း မဟုတ်ဘူး။ သတ္တုတွင်းဝန်ကြီးဌာနက ၁၆ ပဲရည်ရွှေတွေ ရတယ်။ ၁၆ ပဲရည်ကို ကျွန်တော်တို့ ရွှေပြားခတ်တဲ့နေရာမှာ သုံးတယ်။ ကျန်တဲ့နေရာကတော့ Gold Coating မျက်ပါးရွှေ၊ ကပ်တယ်။ ရွှေရည်ပြည့်တဲ့ဟာတွေပဲ သုံးပြီးတော့ ကပ်ထားတာဖြစ်ပါတယ်။ ကျွန်တော်တို့ ကပ်တဲ့နေရာမှာ ငှက်ပျောဖူးတော်ကနေ စပြီးတော့ အောက်အထိပျက်တဲ့ ရွှေသင်္ကန်းတွေကို အစားထိုးတာပေါ့နော်။ ပျက်တယ်ဆိုတဲ့နေရာမှာ Gold Plate ဆိုရင် အစလေးတွေ တဖြည်းဖြည်းချင်းစီကွာတယ်။ ကော်ကပ်ထားတော့ ဖြည်းဖြည်းချင်းစီကွာတာပဲလေ။ အခု အရောင်မှေးမှိန်သွားတဲ့နေရာကို ၂၀၀၈ - ၂၀၀၉ လောက်က ရွှေသင်္ကန်းကပ်တဲ့နေရာမှာ Gold Coating နည်းလမ်းနဲ့ ရွှေစင်ပြားများ စပြီးတော့ စမ်းသပ်သုံးတယ်။ အဓိကကြာမှောက်၊ ကြာလှန်နေရာတွေမှာ ကပ်ဖို့ ဂေါပကအဖွဲ့က လုပ်ငန်းလက်ခံသူ ပုဂ္ဂိုလ်ဆီကို ရွှေစင်ပိဿာ ၄၂ ပိဿာ ထုတ်ပေးခဲ့တယ်။ အဲ့ဒီမှာ စာချုပ်သက်တမ်းက ၁၅ နှစ်အတွင်း ရွှေစင်ပြားတွေ ပျက်စီးရင် ပြန်လုပ်ပေးမယ်ဆိုပြီးတော့ စာချုပ်မှာပါတယ်။ အခု ရွှေရောင်မှေးမှိန်လာတာက နောက်ဆုံး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်ခဲ့တဲ့ ၂၀၁၄ ခုနှစ်မှာ ကြာမှောက်၊ ကြာလှန်ဧရိယာမှာ ညိုမည်းနေလို့ဆိုပြီးတော့ အရင်လုပ်ခဲ့သူကိုပဲ သန့်စင်ပေးဖို့ တာဝန်ပေးတယ်။ သန့်စင်ရာမှာ ဓာတုဆေးရည် ဆိုင်ယာနိုက်ဓာတ်ဆေးရည်သုံးရတယ်။ အဲ့ဒီမှာ ရေလုံလောက်အောင် မဆေးကြောလို့ ဆိုင်ယာနိုက်က ဓာတ်ပြုပြီးတော့ ညိုမည်းခဲ့တယ်လို့ တာဝန်ယူလုပ် ကိုင်တဲ့ပုဂ္ဂိုလ်ကလည်း ဝန်ခံထားပါတယ်။ အခုဆို ၁၀ နှစ်ပဲ ရှိသေးတော့ Gold Coating က ၁၅ နှစ်ခံရမယ်ဆိုပြီးတော့ အာမခံပေးထားတဲ့အတွက် ကုမ္ပဏီဘက်က ဆက်လုပ်ရမယ်။ 

Voice : လက်ရှိ ဘုရားကို ကပ်လှူတဲ့ ရွှေသင်္ကန်းက တစ်ကျပ်သားကို ရှစ်သိန်းနှစ်သောင်းနှုန်းပဲ သတ်မှတ်ထားတယ်။ ရွှေဈေးတွေ တက်နေပေမယ့် ဘယ်လိုကြောင့် ဈေးနည်းနေရတာလဲ။
UTAN : ရွှေဈေးနိမ့်နေတာက တချို့က တစ်ဦးချင်းက ရည်ရွယ်ပြီးတော့ တစ်ပြားလှူတယ်။ နှစ်ပြားလှူတယ်။ အဲဒါတွေကို ရှစ်သိန်းတစ်သောင်းနှုန်းနဲ့ အခုကောက်ခံတယ်။ တစ်ပြားဆိုတာ တစ်ကျပ်သား၊ သုံးကျပ်သား စသဖြင့် ရှိတယ်။ အဓိကတော့ နာမည်ထိုးပြီးတော့ ရည်ရွယ်လှူတဲ့သူတွေရှိသလို အလှူခံပုံးထဲထည့်ပြီးတော့ ရွှေသင်္ကန်းဆိုပြီး ကမ္ပည်းထိုးစရာလည်း မလိုဘဲ လှူတဲ့အလှူရှင်တွေလည်း ရှိတယ်။ ကျွန်တော်တို့ ဂေါပကအဖွဲ့အနေနဲ့ မည်သို့ပင်ဖြစ်စေ ရွှေသင်္ကန်းက ကပ်ရမှာပဲ။ ဒီနေရာတွေကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးရမှာပဲ။ အလှူရှင်တွေလှူတာသည် ဈေးနှုန်းတွေ ခဏခဏ အမျိုးမျိုးပြောင်းနေလို့ မသင့်ဘူး။ အလှူရှင်တွေက ကျွန်တော်တို့ ပြောင်းသလောက် လိုက်ပြီးတော့ ပြောင်းနေရရင် အခက်အခဲရှိတယ်။ အဲ့ဒါကြောင့် ရှစ်သိန်းတစ်သောင်း သတ်မှတ်ထားတဲ့အတွက် အပြင်မှာ ဈေးနှုန်းတက်နေလည်း ဒါက လိုက်ပြောင်းစရာမလိုဘူး။ ဂေါပက အဆက်ဆက်က လုပ်ရမယ့် နည်းစနစ်အရ လုပ်သွားတာပဲ။ ရွှေကလည်း ကျွန်တော်တို့မှာ ရှိပြီးသား။ ရွှေက ပုံမှန်ဆိုရင် ပိဿာတစ်ရာ၊ ပိဿာငါးဆယ် နှစ်စဉ်ဝယ်တယ်။ ဒီလုပ်ငန်းတွေကို ဆက်လုပ်နေတယ်။ ဒီပိုက်ဆံရမှလည်း မဟုတ်ဘူး ရွှေသင်္ကန်းအလှူတွေမှာ ပုဂ္ဂလိကအလှူရှင်ရှိသလို အများပြည်သူ သဒ္ဓါတရားအရလှူထားတဲ့ကဏ္ဍနဲ့ခေါင်းစဉ်က ရှိပြီးသား။ ဒီငွေက ဘဏ္ဍာငွေမှာ ကြည့်လိုက်ရင် အများဆုံးဝင်နေတဲ့နေရာ။ ဘယ်လောက်ပဲကုန်ကုန် ကျွန်တော်တို့ လှူလို့ရတယ်။ ရွှေကိုလည်း တစ်နှစ်ကို ပိဿာတစ်ရာ၊ အခု ဆို ၁၅၀ ပိဿာဝယ်ဖို့ လျာထားတာပေါ့။ အရံအနေနဲ့ ထားထားတယ်။ ကျန်တာတွေက နှစ်စဉ်လုပ်နေရင် နှစ်စဉ် ပိဿာ ငါးဆယ်၊ တစ်ရာ သတ္တုတွင်းကနေ ပုံမှန်ဝယ်ဝယ်ပြီးတော့ စုထားတာပေါ့။

Voice : အခု မှေးမှိန်လာတဲ့နေရာမှာ ကပ်ထားတဲ့ ရွှေနဲ့ပတ်သက်လို့ ရွှေရည်ပြည့်မီမှု ရှိ၊ မရှိ ဆိုတာကို ဘယ်လိုစစ်ဆေးဖို့ရှိလဲ။
UTAN : အခုဖြစ်တဲ့ စေတီတော်ကြီးရဲ့ အနုစိတ်လက်ရာအမြောက်ဆုံး ကြာမှောက်၊ ကြာလှန်နေရာတွေက ရွှေစင်ရွှေပြားတွေကို သိပ္ပံနည်းပညာကျွမ်းကျင်သူတွေနဲ့ ရွှေပါဝင်မှုနှုန်း (ရွှေအရည်အသွေးပြည့်မီမှု ရှိ၊ မရှိ) ဆိုတာတွေ ငြမ်းဆင်ပြီးလို့ တက်လို့ရတာနဲ့ တာဝန်ယူလုပ်ခဲ့တဲ့ ပုဂ္ဂိုလ်ရယ်၊ ပညာရှင်အဖွဲ့တွေနဲ့ တက်ရောက်စစ်ဆေးဖို့ ရှိတယ်။ ရွှေသင်္ကန်းကပ်တာ ဘယ်လောက်ကုန်မလဲဆိုတာက အခုလောလောဆယ် တစ်ပေပတ်လည်ရွှေသင်္ကန်းအချပ်ရေ သုံးထောင်လောက် အသစ်လဲလှယ်ဖို့ မှန်းထားပါတယ်။ စာရင်းမရသေးဘူး။ အနည်းဆုံး ၁၇၀၀ နဲ့ အများဆုံး ၃၀၀၀ အတွင်း လဲမယ်။ Gold Coating ပြားတွေဖြစ်တဲ့ ကြာမှောက်၊ ကြာလန်က ၃၉၀၀ တော့ အကုန်လဲမယ်။ စေတီတော်ကြီးတစ်ခုလုံးမှာ ရွှေပြားအချပ်ရေ ငါးသောင်းလောက်ရှိပါတယ်။ ၂၀၁၄-၂၀၁၅ မှာ ရွှေကပ်တာ ပိဿာနှစ်ရာသုံးပါတယ်။ ဒီနှစ်မှာလည်း အဲ့လောက် ပတ်ဝန်းကျင်လောက်သွားမယ်။ ဒါတော့ အကြမ်းဖျင်းပါပဲ။ 

အောင်ဇော်ထူး