ထို့အပြင် ယနေ့အချိန်အထိ တရားစီရင်ရေးလောကကို ဩဇာသက်ရောက်နေဆဲ တပ်မတော်၊ အစိုးရအဖွဲ့တို့က တရားလိုဖြစ်နေသော အမှုကိစ္စများတွင် အကြောက်တရားဖြင့်၊ ချစ်ခင်၊ မုန်းတီးစိတ်ဖြင့် တရားဥပဒေနှင့်မညီသော စီရင်ဆုံးဖြတ်မှုများရှိနေသောကြောင့် လူမှုစီးပွားဘဝနှင့် ဂုဏ်သိက္ခာ ဆုံးရှုံးနစ်နာ နေကြရခြင်းကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ထည့်သွင်းထားသင့်ပေသည်။
အွန်လိုင်း ဖျော်ဖြေရေးသရုပ်ဆောင် အောင်ရဲထွေး အသတ်ခံရမှုနှင့် ပတ်သက်၍ အမှုရုပ်သိမ်းခွင့်ပြုကာ ပြစ်မှုကျူးလွန်ကြောင်း အစွပ်စွဲခံရသူများကို ဖမ်းဆီးချုပ်နှောင်ထားခြင်းမှ လွှတ်ပေးခဲ့ရာတွင် အဓိက တာဝန်ရှိသူများအပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က အမှုဖွင့်အရေးယူလိုက်ခြင်းသည် တရားစီရင်ရေးမဏ္ဍိုင် တည့်မတ်လာစေရေး ကနဦးခြေလှမ်းအဖြစ် အသိအမှတ်ပြု ကြိုဆိုရမည်ဖြစ်သည်။

ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ်၊ ရန်ကုန်တိုင်းဒေသကြီး ဥပဒေအရာရှိ၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ၊ ဒုတိယ ခရိုင်ဥပဒေအရာရှိ၊ ဒုတိယ ခရိုင်တရားသူကြီးနှင့် နယ်မြေရဲတပ်ဖွဲ့ စခန်းမှူး စုစုပေါင်း ခြောက်ဦးကို အမှုနှင့်ပတ်သက်ပြီး တရားခံများဘက်က လာဘ်ငွေ၊ တံစိုးလက်ဆောင်များ ရယူထားကြောင်း ကော်မရှင်က စစ်ဆေးတွေ့ရှိသောကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေဖြင့် အမှုဖွင့်အရေးယူခဲ့ခြင်းဖြစ်သည်။

အုပ်စုဖွဲ့ရိုက်နှက်ခြင်းကြောင့် သေဆုံးကြောင်း ထင်ရှားနေပါလျက် ပြစ်မှုကျူးလွန်သူများကို လွှတ်ပေးလိုက်ခြင်းနောက်ကွယ်တွင် လာဘ်ပေး၊ လာဘ်ယူမှု သေချာပေါက်ရှိနေကြောင်း ကျယ်ပြန့်စွာ ဝေဖန်ပြောဆိုမှုထွက်ပေါ်လာပြီးနောက် နိုင်ငံတော်သမ္မတကိုယ်တိုင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ယင်းအမှုအားသေချာစွာ ပြန်လည်စိစစ်ကိုင်တွယ်ရန် တိုက်တွန်းခဲ့ခြင်း၏ အကျိုးဆက်ဟုလည်း ဆိုနိုင်သည်။

အောင်ရဲထွေးသည် တိုင်းသိ၊ ပြည်သိ ထင်ရှားကျော်ကြားသူတစ်ဦးဖြစ်သောကြောင့် လူများစွာ စိတ်ဝင်စားနေချိန်တွင် တရားခံများကို လွှတ်ပေးခဲ့ခြင်း၊ အမှုကိုရုပ်သိမ်းခွင့်ပြုခဲ့ခြင်းကြောင့် သာမန်ပြည်သူများသာမက ဥပဒေလောကအတွင်းမှာပါ ကဲ့ရဲ့ ပြစ်တင်၊ ဝေဖန်ထောက်ပြမှုများ မြင့်တက်သွားခဲ့ခြင်းသည်လည်း အကြောင်းတစ်ခုအဖြစ်ပါဝင်သည်။

သို့သော် အခြားတစ်ဖက်တွင်မူ အောင်ရဲထွေးကဲ့သို့ လူသိများထင်ရှားသူ မဟုတ်သော သာမန်ပြည်သူများအကြားတွင် တရားစီရင်ရေး၏ ဘက်လိုက်မှု၊ တရားရေးလောကသားများ၊ ဥပဒေအရာထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၏ အကျင့်ပျက်ခြစားမှုတို့ကြောင့် အပြစ်မရှိဘဲ အပြစ်ဒဏ်ခံရခြင်း၊ အပြစ်ရှိပါလျက် အပြစ်မှလွတ်ကင်းနေခြင်းကဲ့သို့သော အမှုကိစ္စများစွာ ရှိနေသည်။ 

အထူးသဖြင့် နိုင်ငံတော်ဘဏ္ဍာငွေများကို မိမိတို့ကိုယ်ကျိုးစီးပွားအလို့ငှာ ကုန်ကျစရိတ်ထက်ပိုတင်၊ ပိုတောင်းကာ အရည်အသွေး စံချိန်စံညွှန်း မမီသော အခြေခံအဆောက်အဦများ တည်ဆောက်ထားခြင်းကြောင့် အချိန်မတိုင်မီ၊ အာမခံသက်တမ်းမပြည့်မီ (အများစု အာမခံသက်တမ်း ပေးထားခြင်းမရှိ) ပျက်စီး၊ ပြိုကျခြင်းကြောင့် အများပြည်သူ ဘေးဒုက္ခတွေ့ရခြင်း၊ နိုင်ငံတော်ဘဏ္ဍာငွေ (ဝါ) ပြည်သူ့ဘဏ္ဍာငွေများ အဟောသိကံဖြစ်နေခြင်းမှာလည်း အဂတိလိုက်စားမှု မြောက်နေသောကြောင့် ယင်းကိစ္စများကိုလည်း ကော်မရှင်က ကြပ်မတ်ကိုင်တွယ်လာရန် အခွန်ထမ်းပြည်သူများက မျှော်လင့်နေကြမည်ဖြစ်သည်။

ထို့အပြင် ယနေ့အချိန်အထိ တရားစီရင်ရေးလောကကို ဩဇာသက်ရောက်နေဆဲ တပ်မတော်၊ အစိုးရအဖွဲ့တို့က တရားလိုဖြစ်နေသော အမှုကိစ္စများတွင် အကြောက်တရားဖြင့်၊ ချစ်ခင်၊ မုန်းတီးစိတ်ဖြင့် တရားဥပဒေနှင့်မညီသော စီရင်ဆုံးဖြတ်မှုများရှိနေသောကြောင့် လူမှုစီးပွားဘဝနှင့် ဂုဏ်သိက္ခာ ဆုံးရှုံးနစ်နာ နေကြရခြင်းကိုလည်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်၏ အဂတိလိုက်စားမှု အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် ထည့်သွင်းထားသင့်ပေသည်။

မည်သို့ပင်ဖြစ်စေ လက်ရှိကော်မရှင်၏ အရေးယူဆောင်ရွက်မှုတွင် တိုင်းဒေသကြီးအဆင့် ဥပဒေချုပ်၊ ဥပဒေအရာရှိတို့ ပါဝင်သောကြောင့် ခေတ်စကားနှင့်ပြောရပါက အတန်အသင့်ကြီးသည့် ငါးကို ဖမ်းပြခြင်းဟု ဆိုနိုင်သည်။ ယင်းသို့ ဖမ်းပြခြင်းသည် တရားရေးလောကအတွင်းမှ ၎င်းတို့ ထက်ကြီးသော ငါးကြီးများအပါအဝင် မြို့နယ်အဆင့် ငါးအသေးများအထိ သတိပေး ဟန့်တားရာရောက်သည့်အပြင် ကျန်နယ်ပယ်များရှိ အကျင့်ပျက်ခြစားမှုများကိုလည်း အထိန်းအကွပ်ဖြစ်သွားစေနိုင်သောကြောင့် အထူးပင်ကြိုဆိုအပ်ပေသည်။

အယ်ဒီတာ (၁၃ - ၉ -၂၀၁၈ )