Weekly Eleven ဂျာနယ်မှ အယ်ဒီတာသုံးဦးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ခြင်းသည် သတင်းမီဒီယာတစ်ခု၏ လွတ်လပ်စွာရေးသားဖော်ပြရေးသားခွင့်ကို တားမြစ်ပိတ်ပင်လိုခြင်းသာမက မြန်မာသတင်းမီဒီယာလောကတစ်ခုလုံးကို ခြိမ်းခြောက်လိုသည့်သဘော သက်ရောက်သွားခဲ့သည်။
Weekly Eleven ဂျာနယ်မှ အယ်ဒီတာသုံးဦးကို ရန်ကုန်တိုင်းဒေသကြီး အစိုးရက နိုင်ငံတော်အကြည်ညိုပျက်စေခြင်းဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅ (ခ) ဖြင့် အမှုဖွင့်ဖမ်းဆီးလိုက်ခြင်းသည် သတင်းမီဒီယာတစ်ခု၏ လွတ်လပ်စွာရေးသားဖော်ပြရေးသားခွင့်ကို တားမြစ်ပိတ်ပင်လိုခြင်းသာမက မြန်မာသတင်းမီဒီယာလောကတစ်ခုလုံးကို ခြိမ်းခြောက်လိုသည့်သဘော သက်ရောက်သွားခဲ့သည်။

ထိုပုဒ်မဖြင့် အမှုဖွင့်သော အစိုးရအဖွဲ့အနေနှင့် Weekly Eleven ဂျာနယ်ပါ မည်သည့်ဆောင်းပါး၊ မည်သည့်စာပုဒ်၊ မည်သည့် အချက်အလက်၊ အကြောင်းအရာက နိုင်ငံတော်အကြည်ညိုပျက်စေသည်ဆိုခြင်းကို အကျိုးအကြောင်းရှင်းလင်းကာ သက်ဆိုင်ရာမီဒီယာကို တိုက်ရိုက်ကန့်ကွက်ခြင်း၊ ဖြေရှင်းချက်တောင်းခံခြင်း၊ ပြင်ဆင်ချက် ဖော်ပြစေခြင်း၊ တောင်းပန်လွှာထည့်သွင်းစေခြင်း စသည့် အဆင့်အလိုက်လုပ်ဆောင်စရာများ ကျော်လွန်ကာ တိုက်ရိုက်အမှုဖွင့်တရားစွဲဆိုခြင်းမှာ နားလည်ရခက်လှသည်။

သက်ဆိုင်ရာ သတင်းမီဒီယာ၏ တုံ့ပြန်မှုကို ကျေနပ်မှုမရှိပါက သတင်းမီဒီယာကောင်စီသို့ တိုင်ကြားခြင်း၊ သတင်းမီဒီယာကောင်စီ၏ စေ့စပ်ညှိနှိုင်းဖျန်ဖြေမှုကို လက်မခံနိုင်ပါက သတင်းမီဒီယာဥပဒေပါ ပုဒ်မတစ်ခုခုဖြင့် စွဲဆိုခြင်းစသော ပြဿနာပိုမကြီးသွားဘဲ သေးငယ်သွား သို့မဟုတ် ပြေလည်သွားစေနိုင်မည့် လုပ်ငန်းစဉ်များကိုလည်း ထည့်သွင်းစဉ်းစားထားခြင်းမရှိပေ။

ထို့အပြင် သတင်းမီဒီယာတိုက်တစ်ခုကို ညပိုင်း ၇ နာရီ အချိန်မျိုးတွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်တာဝန်ရှိသူများ အုပ်စုလိုက်ဝင်ရောက်သွားပြီး အယ်ဒီတာသုံးဦးကို ဖမ်းဆီးရန် ကြိုးစားခြင်းမှာလည်း အဆင့်လိုက် လူကြီးလူကောင်းဆန်စွာ ဆောင်ရွက်သင့်သော ဥပဒေလမ်းကြောင်းကို ဒရောသောပါး အလျင်စလို အလစ်အငိုက်ဖမ်းသကဲ့သို့ ဖြစ်နေခြင်းမှာလည်း အငြင်းပွားဖွယ်ဖြစ်နေသည်။

ပြစ်မှုကျူးလွန်ကြောင်း ထင်ရှားစွာမပြနိုင်သေးသော သတင်းသမားသုံးဦးကို အာမခံမပေးဘဲ ချက်ချင်းဖမ်းဆီးနိုင်သော ပုဒ်မတပ်၍ တရားစွဲခြင်းသည် ရည်ရွယ်သည်ဖြစ်စေ၊ မရည်ရွယ်သည်ဖြစ်စေ အစိုးရကို ဝေဖန်ထောက်ပြမည့် သတင်းမီဒီယာများကို ခြိမ်းခြောက်လိုက်ခြင်းဟု ယူဆစရာဖြစ်သွားခဲ့သည်။

ထို့ထက်ပိုပြောရပါက တိုင်းဒေသကြီးအစိုးရတစ်ရပ်၏ ဖွဲ့စည်းပုံအခြေခံဥပဒေက ကန့်သတ်ထားသော လုပ်ပိုင်ခွင့်များကို ကျော်လွန်လုပ်ဆောင်နေသည်များကို ထောက်ပြဝေဖန်သော သတင်းမီဒီယာများကို ယခုကဲ့သို့ နည်းလမ်းမျိုးဖြင့် တုံ့ပြန်ခြင်းသည် လက်ရှိအစိုးရအဖွဲ့တစ်ရပ်လုံး၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ခွဲခြားသိမြင်နိုင်စွမ်းကို မီးမောင်းထိုးပြလိုက်သည့်အပြင် ပြည်သူလူထု၏ သတင်းသိခွင့်ကို ဖြည့်ဆည်းပေးနေသော သတင်းမီဒီယာများနှင့် အစိုးရအကြား တည်ဆောက်ထားခဲ့သော အပြန်အလှန်နားလည်ယုံကြည်မှုကို ဖျက်ဆီးလိုက်သည့်သဘော သက်ရောက်သွားခဲ့သည်။

အစိုးရတစ်ရပ်ရပ်သည် ပြည်သူလူထုက တိုက်ရိုက်ရွေးကောက်တင်မြှောက်ထားသော ပြည်သူ့ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ဥပဒေပြုလွှတ်တော်ကို ကျော်လွန်လုပ်ဆောင်ခြင်း၊ ထိုသို့ ကျော်လွန်လုပ်ဆောင်ခြင်းကို ထောက်ပြဝေဖန်သော သတင်းမီဒီယာများကို ခြိမ်းခြောက်တရားစွဲဆိုခြင်းသည် ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲနေသည့် အစိုးရတစ်ရပ်၏ ပွင့်လင်းမြင်သာမှု၊ ရိုးသားမှု၊ ဂုဏ်သိက္ခာရေချိန်များကိုလည်း ထိခိုက်စေသည်။

သတင်းမီဒီယာတစ်ခုကိုဖြစ်စေ၊ အဖွဲ့အစည်းတစ်ရပ်ကိုဖြစ်စေ၊ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ အာဏာကိုင်စွဲထားသူ၊ အာဏာသုံးခွင့်ရှိသူ အစိုးရတစ်ရပ်၊ ပါဝါအမာအထိုင်ပြု အင်စတီကျူးရှင်းတစ်ခုခုက ဖြစ်ရပ်၊ ဖြစ်စဉ်နှင့် မကာမိသော လွန်လွန်ကျူးကျူး၊ အကဲဆတ်ဆတ်ရန်လိုသည့် တုံ့ပြန်ခြင်းမျိုးသည် မိမိကိုယ်စားပြုနေသော အစိုးရအဖွဲ့၊ အာဏာရပါတီကို မိမိဘာသာ သိက္ခာချခြင်းတစ်မျိုးဖြစ်ပြီး ထိုသို့တုံ့ပြန်သူသည် ဒီမိုကရေစီခေါင်းစဉ်အောက်တွင် ရှိနေပါက ဒီမိုကရေစီကိုပါ ပြည်သူက စိတ်ပျက်သွားသည်အထိ အန္တရာယ်ရှိနေသည့်အတွက် သတိပြုဆင်ခြင်ပါမည့်အကြောင်း အကြံပြု သတိပေးလိုရင်းဖြစ်သည်။

အယ်ဒီတာ (၁၀ - ၁၀ -၂၀၁၈)