တချို့ပြောတဲ့ အကြောင်းအရာတွေကတော့ သတင်းသမားမျက်စိနဲ့ကြည့်ရင် သတင်းဖြစ်တာမျိုး မဟုတ်ပါဘူး။ ပို့တဲ့သတင်းအကြောင်းအရာတိုင်းလည်း သတင်းလုပ်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ခါတလေဆို ဘာဖိုင်ပို့မှန်းတောင် မကြည့်ဖြစ်ပါဘူး။ အဲဒီတော့ လက်ခံရရှိတိုင်း ဥပဒေချိုးဖောက်တာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီလိုနဲ့သာ သတင်းသမားတွေဖုန်းကို လိုက်စစ်ရင် ထောင်တောင် ဆံ့ပါ့မလားမသိ။
ရိုက်တာသတင်းထောက် ၂ ယောက်ဖြစ်တဲ့ ကိုသက်ဦးမောင် (ခ) ဝလုံးနဲ့ ကိုကျော်စိုးဦး (ခ) မိုးအောင်တို့ကို မြန်မာနိုင်ငံ လျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မ - ၃ (၁) (ဂ) ကို ချိုးဖောက်ကျူးလွန်မှုနဲ့ ထောင်ဒဏ် ၇ နှစ် တိတိကျခံစေဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့တဲ့အမှုမှာ လျှို့ဝှက်စာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး သင်ခန်းစာယူစရာ ဘာတွေရှိနိုင်မှာလဲဆိုတာ ကြည့်ရအောင်။

တရားလိုဘက်က အစိုးရ လျှို့ဝှက်ချက်အက်ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး တရားခံဘက်က ချေပမှုမှာ ရခိုင်ပြည်နယ် မောင်တောက အင်းဒင်ရွာမှာ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုမှာ အမှတ် (၈) လုံခြုံရေး ရဲတပ်ဖွဲ့၊ တပ်မ ၃၃ မှ တာဝန်ရှိသူတွေ ပါဝင်ပတ်သက်တာကို ဖော်ထုတ်ဖို့ ကြိုးစားတာကနေ ထောင်ချောက်ဆင် အဖမ်းခံရတာပါလို့ ခုခံသွားမှုဖြစ်ပါတယ်။

အမှုရဲ့ အခရာကျတဲ့အချက်က လျှို့ဝှက်စာရွက်စာတမ်းတွေပါ။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးလက်ထဲကို လျှို့ဝှက်စာရွက်စာတမ်းတွေ ရဲဘက်က ခွင်ဆင်ပြီး ပေးခြင်း၊ မပေးခြင်း ဆိုတာတွေကိုတော့ ဒီမှာ ထည့်မဆွေးနွေးတော့ပါဘူး။

အခုပြောလိုတာက သတင်းထောက် ၂ ယောက်ရဲ့ တယ်လီဖုန်းထဲမှာ လုံခြုံမှုအဆင့်အတန်းအရ ထိပ်တန်းလျှို့ဝှက် (လဝ ၁)၊ လျှို့ဝှက် (လဝ ၂) နဲ့ ကန့်သတ်ဖိုင်တွေ ရှိနေတယ်ဆိုတဲ့ကိစ္စပါ။

တရားသူကြီးရဲ့ အမိန့်စာအရ ရည်ညွှန်းတဲ့ သက်သေခံပစ္စည်းတွေကတော့ (၁) မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ဒုရဲမှူး မိုးရန်နိုင် အပါအဝင် ရဲအရာရှိများ ရာထူးတိုး ပြောင်းရွှေ့ တာဝန်ချထားတဲ့စာ၊ (၂) မြန်မာနိုင်ငံသို့ လာရောက်သည့် ပုပ်ရဟန်းမင်းကြီးခရီးစဉ်၏ လုံခြုံရေး အစီအမံပြပုံ၊ (၃) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်ဆိုင်ရာ ကြေးနန်း၊ (၄) ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ်များနှင့် စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေးကော်မရှင် ဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးမြင့်ဆွေနှင့် ကော်မရှင်အဖွဲ့ဝင်များ၏ ရန်ကုန်မြို့နှင့် ရခိုင်ပြည်နယ်တို့သို့ သွားရောက် မည့်ခရီးစဉ်ဆိုင်ရာ ကြေးနန်း၊ (၅) ရခိုင်ပြည်နယ် မောင်တောဒေသဖြစ်စဉ် များနှင့်စပ်လျဉ်းသည့် စုံစမ်းစစ်ဆေးရေး ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ဝင်များ၏ မောင်တောဒေသသို့ သွားရောက်မည့် ခရီးစဉ်ဆိုင်ရာ ကြေးနန်း၊ (၆) ရွှေဗဟိုကျေးရွာ ဘုန်းကြီးကျောင်း၌ စိတ်ကြွဆေးပြားများ ဖမ်းဆီးရမိသည့် ကြေးနန်းစာရယ်လို့ ဆိုထားပါတယ်။

ဒီစာတွေဟာ လျှို့ဝှက် ဘယ်အဆင့် မြောက်တယ်၊ မမြောက်ဘူးရယ်လို့ သတ်မှတ်တာမှာတော့ အငြင်းပွားစရာရှိပါတယ်။ အစိုးရ လျှို့ဝှက်အက်ဥပဒေ ရေးဆွဲခဲ့တဲ့ မူရင်းပိုင်ရှင် ဗြိတိသျှတွေကတော့ မူလအဆင့် (၆) ဆင့်ခွဲစနစ်ကို အဆင့် (၃) ဆင့်ပဲ ခွဲတဲ့စနစ်ကို ပြင်ပြီးပါပြီ။

စနစ်ဟောင်းမှာတုန်းက Top Secret, Secret, Confidential, Restricted, Protect နဲ့ Unclassified တို့ဖြစ်ပြီး စနစ်သစ်မှာတော့ Top Secret, Secret နဲ့ Official ရယ်လို့ပဲ သတ်မှတ်ပါတော့တယ်။ စနစ်ဟောင်းရဲ့မူက အဆင့်သတ်မှတ်မှုမရှိရင် ရိုးရိုးဆိုတာနဲ့ အဓိပ္ပာယ်ဖွင့်ပြီးတော့ စနစ်သစ်ရဲ့မူကတော့ အစိုးရစာရွက်စာတမ်းမှန်သမျှဟာ အဆင့်သတ်မှတ်သင့်တယ်ဆိုတဲ့ အယူအဆပေါ် တည်ထားပါတယ်။

စနစ်ဟောင်းက သတ်မှတ်မှုမှာ အဆင့်တွေ စိတ်လွန်းတဲ့အတွက် အဆင့်ခွဲရတာ အမှားအယွင်းတွေ ဖြစ်တာများလို့ ပြန်သုံးသပ်မှုလုပ်ကြတာလို့ မှတ်သားရဖူးပါတယ်။ ကျွန်တော့်တို့ဆီမှာကော ပြန်မသုံးသပ်သင့်ဘူးလား။

မြန်မာနိုင်ငံရဲ့ ကြေးနန်းစာတွေနဲ့ပတ်သက်ပြီး လုံခြုံမှုအဆင့်အတန်း ခွဲတာကတော့ ထိပ်တန်းလျှို့ဝှက်ချက် (လဝ ၁)၊ လျှို့ဝှက် (လဝ ၂)၊ အတွင်းရေး (လဝ ၃)၊ ကန့်သတ် (ကသ)နဲ့ ရိုးရိုး (ယ) ရယ်လို့ ဖြစ်ပါတယ်။ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ အငြင်းပွားစာရွက်စာတမ်းတွေနဲ့ပတ်သက်ပြီး အဆင့်ခွဲသတ်မှတ်သူ သီးခြားအရာရှိတွေရဲ့အမြင်ကို တရားရုံးတော်က ဆင့်ခေါ် စစ်ဆေးခဲ့ဖို့သင့်တယ်လို့ ထင်ပါတယ်။ ထားတော့။

ဒီစာရွက်စာတမ်းတွေ တယ်လီဖုန်းထဲ ရောက်နေတာဟာ ဥပဒေအမြင်သက်သက်နဲ့ကြည့်ရင် ချိုးဖောက်ရာ ရောက်နိုင်ပေမယ့် ဒီကနေ့ခေတ် သတင်းသမားတွေ တွေ့ကြုံနေရတဲ့ အခြေအနေကို ပြောချင်ပါတယ်။

ဒစ်ဂျစ်တယ်ခေတ်၊ ဖေ့စ်ဘွတ်ခ်၊ မက်ဆင်ဂျာခေတ်မှာ သတင်းအရင်းအမြစ်တွေဟာ ဖေ့စ်ဘွတ်ခ်တွေကနေ Add လုပ်ကြတယ်၊ မက်ဆင်ဂျာကနေ ပြောပြကြတယ်၊ အထောက်အထားတွေ ပေးပို့ကြတယ်။ သတင်းသမားဆိုတာကလည်း သတင်းအရင်းအမြစ်များများ ရနိုင်သမျှ ရလိုတာမို့ Friend Request လုပ်ရင် Add လိုက်တာများပါတယ်။ သတင်းသမားတင်မှ မဟုတ်ပါဘူး၊ လူအတော်များများပါ။ ကျွန်တော့်ဖေ့စ်ဘွတ်ခ် အကောင့်ထဲ လူ ၅၀၀၀ လောက်မှာ ကျွန်တော့်အတွက် အပြင်မှာပါသိတဲ့ မိတ်ဆွေ အပေါင်းအသင်းဆိုတာ ရာဂဏန်းတောင် မရှိပါဘူး။ ဒါတောင်မှ ပရိုဖိုင်းအမှန် ဖြစ်နိုင် မဖြစ်နိုင် စိစစ်လက်ခံပါသေးတယ်။ အဲသလိုဆိုတော့ သတင်းသမားအတွက် တစ်ယောက်မဟုတ် တစ်ယောက်ကတော့ သတင်းပြောပြတဲ့သူတွေ၊ သတင်းပို့ပေးတဲ့သူတွေ ရှိနေတတ်ပါတယ်။ တချို့ပြောတဲ့ အကြောင်းအရာတွေကတော့ သတင်းသမား မျက်စိနဲ့ကြည့်ရင် သတင်းဖြစ်တာမျိုး မဟုတ်ပါဘူး။ ပို့တဲ့သတင်းအကြောင်းအရာတိုင်းလည်း သတင်းလုပ်ဖြစ်တာ မဟုတ်ပါဘူး။ တစ်ခါတလေဆို ဘာဖိုင်ပို့မှန်းတောင် မကြည့်ဖြစ်ပါဘူး။ အဲဒီတော့ လက်ခံရရှိတိုင်း ဥပဒေချိုးဖောက်တာလားဆိုတာ မေးခွန်းထုတ်စရာပါ။ ဒီလိုနဲ့သာ သတင်းသမားတွေဖုန်းကို လိုက်စစ်ရင် ထောင်တောင်ဆံ့ပါ့မလားမသိ။

တစ်ဖက်မှာလည်း သတင်းအရင်းအမြစ်တွေအနေနဲ့ ဘယ်သတင်း အချက်အလက်ကိုပေးရမယ် ဘယ်သတင်းအချက်အလက်ကို မပေးရဘူးဆိုတာ မကွဲပြားတာလည်းဖြစ်နိုင်သလို အများပြည်သူ သိခွင့်သိလမ်းအရ ဘယ်လိုသတင်းအချက်အလက်တွေကို ပေးသင့်လဲဆိုတာလည်း စနစ်တကျ ခွဲခြားဖို့လိုပါတယ်။ လက်ရှိအနေအထားမှာက သက်ဆိုင်ရာ ဝန်ကြီးဌာနတွေမှာ ပြောရေးဆိုခွင့်ရှိသူတွေ သတ်မှတ်ထားပေးပေမယ့် တကယ့်လက်တွေမှာ သတင်းထုတ်ပြန်မှု အားနည်းလွန်းတာ၊ Right to Information အက်ဥပဒေ မရှိသေးပြန်တော့ သူတို့ကလည်း သတင်းအချက်အလက် ထုတ်ပြန်ရမှာကို တာဝန်မယူရဲတာတွေ ဖြစ်နေပါတယ်။ အခြေအနေက မပေးရင်လည်းအရှင်း၊ ပေးရင်လည်း အကုန်ဆိုတာတွေ ဖြစ်ကုန်ပါတော့တယ်။

သတင်းသမားတွေဘက်ကလည်း မိမိဆီပေးပို့လာတဲ့ဖိုင်တွေကို စိစစ်ပြီး လက်ခံသင့်၊ လက်မခံသင့် ဆုံးဖြတ်ပြီး အန္တရာယ်ကို ရှောင်ကွင်းနိုင်ဖို့ လိုပါတယ်။

သော်ဇင်ထွန်း