လူသတ်တာကို လက်ခုပ်ဩဘာပေးပြီး ချီးမွမ်းထောမနာနေကြတဲ့ ရွှေပြည်သားတွေ ထုနဲ့ထည်နဲ့ အင်အား ကောင်းလာခဲ့ရင် ရခိုင်အကျပ်အတည်းမှာ ကမ္ဘာကစွပ်စွဲနေတဲ့ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာ တကယ်ချည်း ကျူးလွန်ခဲ့တာလားဆိုတဲ့ သံသယမီးကြီး ပိုကြီးပိုပြန့်လာလိမ့်မယ်ဗျ။ သတိထားကြ။ တည်ဆဲအစိုးရနဲ့ တပ်မတော်အဖို့လည်း ရှင်းရသိပ်ခက်သွားလိမ့်မယ်။
သုခမိန်စကား

''The key thing is to find ways to make the positive powerful enough it absorb the negative energy that comes from politics as usual, which is what we're dealing with. The country doesn't become a better place if all you do is given the public yet another picture of two cats fighting in the alley"

Bill Bradley

“အဓိကသော့ချက်ကတော့ ကျုပ်တို့တစ်တွေ တွေးမြဲ၊ လုပ်မြဲ နိုင်ငံရေးလုပ်ဟန်တွေဆီက ပေါ်ထွက်လာနေကျ အဖျက်ဓာတ်တွေကို ချေဖျက်နိုင်တဲ့ အားကောင်းမောင်းသန် တည်ဆောက်ရေးဓာတ်တွေ ပေါ်လာအောင်နည်းလမ်းတွေရှာကြဖို့ပါပဲ။ တိုင်းသူပြည်သားအတွက် ခင်ဗျားတို့ နိုင်ငံရေးသမားတွေ လုပ်သမျှဟာ နောက်ဖေးလမ်းကြားထဲက ကြောင်နှစ်ကောင်ကိုက်နေကြပုံမျိုးပဲ ဖြစ်နေသေးရင် ကျုပ်တို့ တိုင်းပြည်ကြီး သိပ်မနိပ်လှသေးဘူး”

ဘီလ်ဘရက်ဒလေ

ဖတ်ခဲ့ဖူး၊ မှတ်ခဲ့ဖူး၊ နှစ်သက်ခဲ့ဖူးတဲ့စကားတစ်ခွန်းပါဗျ။ သူ့ခေတ်သူ့အခါ အမေရိကန်နိုင်ငံရေးလောကရဲ့ တွေးပုံလုပ်ပုံတွေကို မနှစ်မြို့တဲ့ ဒီမိုကရက်တစ်အမတ် (သမ္မတအရွေးခံမယ့်ပုဂ္ဂိုလ်) က တိုင်းမဂ္ဂဇင်းကို ပြောခဲ့တာပါ။ ဒီအချိန်မှာဖြင့်ရင် ဒီစကားက ကျွန်တော်တို့ရွှေပြည်ကြီးကို ဒါရိုက်ဟစ်တည့်တည့်ကြီး လာမှန်နေသလားလို့ဗျာ။

သတ်ပွဲတွေပေါတဲ့ တိုင်းပြည်

သိကြတဲ့အတိုင်းပဲ။ လွတ်လပ်ရေးရပါပြီဆိုကတည်းက အချင်းချင်းတွေ တချိမ်းချိမ်းနဲ့ သတ်လိုက်ကြတာများဟာ နှစ်ပေါင်း ၇၀ တိုင်ခဲ့ပေမယ့် အခုအထိ ဘယ်လိုနည်းနဲ့မှ ဘရိတ်အုပ်လို့ကို မရနိုင်သေးဘူး။ သတ်ကောင်းကြတုန်း၊ သေကောင်းကြတုန်း။ နှစ်ကာလရှည် ဒီပြည်တွင်းစစ်ပွဲကြီးက ပေးခဲ့တဲ့အမွေထဲမှာ အချင်းချင်းသတ်ကြသေကြတဲ့ သတ္ထန္တရကပ်ဘေး ဆိုးကြီးတင်ကပါရိုးလား။ ရန်သူ - မိတ်ဆွေစည်းကို လှေနံဓားထစ် အသေ တားပြီး မစေ့စပ်စတမ်း ရန်လိုကြ၊ အပုပ်ချကြ၊ ခွက်စောင်းခုတ်ကြ၊ နောက် ကျောဓားနဲ့ထိုးကြ၊ ခြံခုန်ကြ၊ ခြံစည်းရိုးခွထိုင်ကြ၊ အမနာပကလော်ကြ-ဆော်ကြ၊ အတင်းတုပ်ကြတဲ့ “ရန်-ငါတမ်းတမ်းစွဲခြင်း” နာတာရှည်ရောဂါဆိုးကြီးကလည်း ပြည်တစိုစို အရိတရွဲရွဲနဲ့ တစ်ပါတည်း ပူးတွဲပါလာသေးတာကိုးဗျ။ “ငါနဲ့မတူ ငါ့ရန်သူပဲ။ မသိဘူး။ ချမယ်” ဆိုတဲ့ လောဂျစ်ကြီးက ကျွန်တော်တို့ရွှေပြည်ကြီးမှာ ရှေ့မျိုးဆက်က နောက်မျိုးဆက်ကို အော်တိုမက်တစ် ဗီဇသွေးထဲ မျိုးစေ့ထည့်ပေးလိုက်တဲ့ စိတ္တဗေဒ အထုံကူးခြင်းလားလို့တောင် အတွေးဝင်မိပါရဲ့။

ဘယ့်နှယ်ဗျာ၊ ဘုရားဒကာကြီး ဦးနုတို့၊ ဦးဗဆွေတို့၊ ဦးကျော်ငြိမ်းတို့ရဲ လွတ်လပ်ရေးခေတ်ဦးကနေ ဒီကနေ့ ပြည်သူ့ခေတ်၊ ဒီမိုကရေစီခေတ်၊ အမေစုခေတ်ရောက်တဲ့အထိ ပြည်ထောင်စုသားအချင်းချင်း အမျက်အအီ တစ်စေ့မရှိစတမ်း အချစ်မဝင်နိုင်ကြသေးဘဲ အမုန်းကမ္ဘာမကြေဝါဒနဲ့ “ရန်-ငါတမ်းတမ်းစွဲခြင်း” ဓလေ့ဆိုး၊ အကျင့်စရိုက်ဆိုးက မီးဟုန်းဟုန်း တောက်နေဆဲပေကိုး။

သေသေချာချာပြောရဲတယ်ဗျာ။ ဟောဒီ “ရန်-ငါတမ်းတမ်းစွဲခြင်း”ဉာဉ်ဆိုး ဗီဇဆိုးက ကျွန်တော်တို့ရွှေပြည်ကြီးကို အသူတစ်ရာမကနက်လှတဲ့ မဟာနိုင်ငံရေးထောင်ချောက်ကြီးထဲကို ဒုတ်ဒုတ်ထိတွန်းချပစ်မယ့် ပဓာနလက်သည်တရားခံကြီး အဟုတ်တကယ်ဖြစ်လာလိမ့်မယ်။

မီဒီယာကို လက်ညှိုးထိုးကြခြင်း

“ငါးတကာယိုတဲ့ချေး၊ ပုစွန်ဆိတ်ခေါင်းပုံ”ဆိုတာ အလကားထားခဲ့တဲ့ ရှေးစကားမဟုတ်ဘူးဗျ။ ရွှေပြည်ကြီးရဲ့ခေတ်အဆက်ဆက် “ပြည်ကြီးမျက်စိ၊ ပြည်ကြီးနား”ဖြစ်တဲ့ သတင်းမီဒီယာ (ရှေးအခေါ်တော့ သတင်းစာလောကပေါ့လေ) အပေါ် ကျန်မဏ္ဍိုင်ကြီးတွေက လက်ညှိုးငေါက်ငေါက်ထိုးပြီး ဒေါသဖြေတဲ့အကျင့်ကြီးဟာဖြင့် အရိုးစွဲနေခဲ့တာဖြင့် ကြာပေါ့ဗျာ။ နို့ပေတဲ့လို့ ဒီကနေ့ခေတ်အခါလောက် သတင်းမီဒီယာအပေါ် သဲကြီးမဲကြီး အငြိုးတကြီးနဲ့ အပြစ်မျိုးစုံပုံချပြီး ရန်လိုမုန်းထားခံရတာမျိုးတော့ မကြုံဖူး မကြားဖူးသေးဘူး။ ဆရာကြီးဦးဝင်းတင်ရဲ့ ဟံသာဝတီသတင်းစာတစ်ခေတ် လက်သံပြောင်ခဲ့ကြတာ၊ ဆရာကြီး ဦးသိန်းဖေမြင့်တို့၊ ဆရာကြီးအိုးဝေ၊ ဦးညိုမြ (မောင်သုမန) တို့၊ ဆရာကြီးသာဂဒိုးတို့၊ ဆရာမောင်သစ် (ဦးကိုယု) တို့ လက်စွာခဲ့ကြတာ၊ ဆရာကြီး အထောက် တော်လှအောင်က “ချစ်သူမို့ မသာစေရ၊ မုန်းသူမို့ မနာစေရ”တို့၊ “မကောင်းမှုဟူသမျှ ဆိတ်ကွယ်ရာမရှိစေရ”တို့ စတဲ့ လက်ကိုင်ဆောင်ပုဒ်ကြီးတွေနဲ့ စာစောင်းထက်ခဲ့ကြတုန်းကတောင်မှ ပြည့်မဏ္ဍိုင်ကြီးတွေက ဒီလောက်မတင်းခဲ့ကြဘဲ အဲသလောက် ရဲရဲတောက်သတင်းသမားကြီးတွေ ရေးခဲ့ဆော်ခဲ့သလိုမျိုး တောက်တောက်ခါးခါးရေးကြတာမျိုးမရှိတဲ့ ဒီခေတ်ဒီအခါကျကာမှ သတင်းမီဒီယာအပေါ် ပိုးစိုးပက်စက် မျက်မာန်ရှနေကြတာကို နားလည်ရခက်ချင်ချင်ပဲခင်ဗျာ။

သစ္စာဖောက်လောက်ကောင်များ 

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ARSA က စတင်ရန်ပြု တိုက်ခိုက်ခဲ့တဲ့ အကျပ်အတည်းကြီး လိပ်ခဲတည်းလည်းဖြစ်နေတဲ့အချိန်အင်းဒင် လူသတ်ပွဲသတင်းကို သတင်းလိုက် သတင်းယူရေးသားဖော်ပြခဲ့ကြတဲ့ ရိုက်တာသတင်းဌာနက သတင်းထောက်များဖြစ်တဲ့ ကိုဝလုံးတို့၊ ကိုကျော်စိုးဦးတို့နှစ်ဦးကို ၁၉၂၃ ခုနှစ်၊ မြန်မာနိုင်ငံလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁) (ဂ) နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ စစ်ဆေးကြားနာနေတဲ့ ၉ လကျော်ကာလအတွင်းမှာရော၊ အပြီးသတ်အမိန့်အဖြစ် ထောင်ဒဏ် ၇ နှစ်ချမှတ်လိုက်ပြီးတဲ့နောက်ရော ဒီသတင်းထောက်နှစ်ယောက်ကို “သစ္စာဖောက်လောက်ကောင်”ဆိုတဲ့ နားဝင်မဆံ့စရာ ဘွဲ့ဆိုးကြီးတပ်ပြီး အပုပ်ချကြတာများ ကက်ကက်ကိုလန်ပါလေရော။ အဲဒီလောက်နဲ့တင် မရပ်နိုင်သေးဘူးဗျ။ သတင်းမီဒီယာသမားအားလုံးကိုပါ ဝါးလုံးရှည်နဲ့ သိမ်းရမ်းပြီး “မီဒီညာ”လို့ သွားပုပ်လေလွင့် အမုန်းစကားဆိုနေကြပါရောလား။

အံ့စရာဖြင့်အကောင်းသားဗျို့။ ဘယ်တုံးကမှ အကျောမတည့် အလွန်းမသင့်ဘဲ တစောင်းစေးနဲ့ မျက်ချေးဖြစ်နေကြတဲ့ မျိုးချစ်တွေရော၊ တပ်မတော်ချစ်သူများရော၊ ကြံ့ခိုင်ရေးရော၊ NLD ရော၊ အနီရော အစိမ်းရော ယိမ်းတိုက်ထားသလို ညီလိုက်ကြပုံများဟာ လေသံတွေက တစ်ထပ်တည်းဗျ။ အချုပ်အခြာအာဏာကို ထိပါးဆိုလား၊ အမျိုးသားအကျိုးစီးပွားကို ဖျက်ဆီးဆိုလား။ စုံနေတာပါပဲ။ သတင်းထောက်နှစ်ဦးရေးတဲ့သတင်းကြောင့် နိုင်ငံတကာဖိအားတွေ အစိုးရနဲ့ တပ်မတော်အပေါ် ပိလာတယ်ဆိုတဲ့ ဧရာမစွဲချက်ကြီးကပါသေး။ “ပြစ်ဒဏ်က နည်းလိုက်တာ”တို့၊ “သေဒဏ်ပေးပါ”တို့၊ “တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချပါ”တို့ ဆိုတာတွေကလည်း သောသောညံ ထောင်းလမောင်းထလို့ဗျ။

အစွန်းရောက် အမျိုးသားရေးဝါဒအလှုပ်

ရိုက်တာသတင်းထောက်နှစ်ဦးရဲ့အမှုမှာ ထင်ထင်ရှားရှားနဲ့ ထိတ်လန့်တကြား ပေါ်တင်ကြီးတွေ့လိုက်ရတာက ကျွန်တော်တို့ရွှေပြည်ကြီးမှာ အစွန်းရောက်အမျိုးသားရေးဝါဒ (ဝါ) အလွန်အကျွံမျိုးချစ်ဝါဒဟာဖြင့် အခြေခိုင်အမြစ်စွဲနေပြီး နိုင်ငံရဲ့အနာဂတ်ကို စတင်ခြိမ်းခြောက် မီးမွှေးတဲ့အဆင့်ကို ရောက်လာနေပြီဆိုတာပဲဗျ။

ဒီလိုစဉ်းစားကြည့်ကြရအောင်။ မြန်မာပဲဖြစ်ဖြစ် ဘင်္ဂါလီပဲဖြစ်ဖြစ် လူတွေပါပဲ။ လူသားမျိုးနွယ်တွေပါပဲ။ လူသားမျိုးနွယ်ရဲ့အသက်ကို ဥပဒေမဲ့ သတ်ဖြတ်ခြင်းဟာ ရာဇဝတ်မှု(Crime) ပဲ။ မြန်မာ့တရားစီရင်ရေးနယ်ပယ်မှာ အရေးကြီးတဲ့ပြစ်မှုကြီးဆယ်မျိုးထဲက နံပါတ်တစ် လူသတ်မှု (Murder Case) ကြီးပဲဗျ။ မြန်မာနိုင်ငံသားတစ်ဦး (သို့မဟုတ်) တစ်စုတစ်ဖွဲ့ဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဖြစ်စေ၊ ပြည်ပဖြစ်စေ ဘယ်နေရာ ဘယ်ဒေသမှာ ဘာအကြောင်းနဲ့ဖြစ်ဖြစ် လူ့အသက်ကို ဥပဒေမဲ့သတ်ခွင့်မရှိဘူး။ သတ်လို့မရဘူး။ ရာဇသတ်ကြီးဥပဒေနဲ့ ပြဋ္ဌာန်းကာကွယ်ပေးထားတယ်။ ဥပဒေကို ချိုးဖောက်ပြီး သတ်ခဲ့ရင် လူသတ်မှုပဲ။ လူသတ်တယ်ဆိုရာမှာလည်း ဘင်္ဂါလီဖြစ်ဖြစ် ဘယ်လူမျိုးပဲဖြစ်ဖြစ် လူသားမျိုးနွယ်ဇာတ်ကိုသတ်ရင် လူသတ်မှုပဲ။ ၁၉၅၉ ခုနှစ်၊ တပ်မတော် အက်ဥပဒေ ပုဒ်မ - ၇၁ မှာ တန်းပြည့်စစ်မှုထမ်းချိန်ဖြစ်တဲ့ စစ်ဆင်ရေးကာလအတွင်း လူသတ်မှုကိုကျူးလွန်ရင် သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ ပြစ်မှုအဖြစ် အတိအကျပြဋ္ဌာန်းထားတယ်။

ပြီးတော့၊ အင်းဒင်လူသတ်ပွဲမှာ ပါဝင်ကျူးလွန်ခဲ့ကြတဲ့ စစ်ဘက်ကရော၊ အရပ်ဘက်ကပါ ပုဂ္ဂိုလ်တွေကို စစ်ဘက်ဥပဒေ၊ နယ်ဘက်ဥပဒေများနဲ့ အသီးသီးပြစ်ဒဏ်ချမှတ်ခဲ့ပြီး အင်းဒင်အရေးကိစ္စကို လူသတ်မှုအဖြစ် သတ်မှတ်ခဲ့တဲ့အတွက် ဒီအင်းဒင်လူသတ်ပွဲကို အားပေးထောက်ခံသူတွေ၊ ကာကွယ်သူတွေ၊ သတင်းအမှောင်ချချင်သူတွေဟာ၊ လူသတ်မှုကို တစ်နည်းနည်းနဲ့အားပေးကူညီ (Abetment) လုပ်နေတဲ့သူတွေပဲဗျ။

လူသတ်တာကို လက်ခုပ်ဩဘာပေးပြီး ချီးမွမ်းထောမနာနေကြတဲ့ ရွှေပြည်သားတွေ ထုနဲ့ထည်နဲ့ အင်အားကောင်းလာခဲ့ရင် ရခိုင်အကျပ်အတည်းမှာ ကမ္ဘာကစွပ်စွဲနေတဲ့ လူမျိုးတုံးသတ်ဖြတ်ခြင်း (Genocide) ဆိုတာ တကယ်ချည်းကျူးလွန်ခဲ့တာလားဆိုတဲ့ သံသယမီးကြီး ပိုကြီးပိုပြန့်လာလိမ့်မယ်ဗျ။ သတိထားကြ။ တည်ဆဲအစိုးရနဲ့ တပ်မတော်အဖို့လည်း ရှင်းရသိပ်ခက်သွားလိမ့်မယ်။

သတင်းသမားအလုပ်

ဘယ်သတင်းသမားမဆို သူ့မိခင်သတင်းဌာနကပေးတဲ့တာဝန် (Assignment) အတိုင်း သတင်းယူရ သတင်းလိုက်ရ သတင်းရေးရတာဟာ လုပ်ရိုးထုံးစံပဲ။ သတင်းလောကသားတိုင်း နားလည်ပြီး သိမှတ်လက်ခံကြရတယ်။ အင်းဒင်လူသတ်ပွဲသတင်းကိုရေးလို့ ဒီသတင်းသမားနှစ်ယောက်ဟာ တိုင်းပြည်ရဲ့ သစ္စာဖောက်ဖြစ်စရာ ဘာအကြောင်းမှမရှိ။ သူတို့နေရာမှာ ဘယ်သတင်းထောက်ပဲဖြစ်ဖြစ် သူတို့လုပ်သလို လုပ်မှာပဲ၊ လုပ်ရမှာပဲ။ ဒါသတင်းသမားအလုပ်ပေကိုး။

နောက် ရခိုင်မြောက်ပိုင်းမှာ ARSA သောင်းကျန်းမှုနဲ့ အဲဒီဆူပူသောင်းကျန်းမှုကာလအတွင်း စစ်ရေးအရ နှိမ်နင်းမှု၊ ဆူပူသောင်းကျန်းမှု ကာလအလွန် နယ်မြေရှင်းလင်းမှုနဲ့ဆိုင်တဲ့ အဖြစ်မှန်သတင်းတွေကို ပြည်တွင်းပြည်ပက သိအောင်ရှင်းလင်းတင်ပြဖို့က တပ်မတော်နဲ့ ပြည်ထောင်စုအစိုးရရဲ့အလုပ်ပဲ။ အထူးအားဖြင့် ပြည်ထဲရေးဝန်ကြီးဌာန၊ ကာကွယ်ရေး ဝန်ကြီးဌာနနဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့ရဲ့တာဝန်ပဲ။ ရိုက်တာသတင်းထောက်နှစ်ဦးနဲ့မဆိုင်သလို ဘယ်ပုဂ္ဂလိကသတင်းဌာနမှာမှ တာဝန်မရှိဘူး။ ကိုယ့်တာဝန် ကိုယ်မကျေခဲ့ကြတာကို ရဲရဲဝန်မခံဘဲ ထမင်းရေပူလာလျှာလွှဲ သတင်းသမားနှစ်ဦးအပေါ် ကျားနာခဲခဲပြီး အပြစ်ပုံချတာတော့ တရားသဖြင့်မဟုတ်ဘူးဗျ။

ချစ်ကြစမ်းဗျာတို့

ဝါဒကိုအစွဲပြုပြီးကွဲ၊ လူမျိုးကိုအစွဲပြုပြီးကွဲ၊ ပါတီကိုအစွဲပြုပြီးကွဲ၊ ဘာသာကိုအစွဲပြုပြီးကွဲကွဲ နည်းမျိုးစုံနဲ့ကွဲခဲ့ပြဲခဲ့ကြ၊ သတ်ခဲ့သေခဲ့ကြတာဟာဖြင့် တော်သင့်ရပ်သင့်ပြီဗျာ။ ကိုယ့်အချင်းချင်းနဲ့တင် အားမရနိုင်ကြသေးလို့ ကမ္ဘာ့အပြင်ထွက်ပြီး ကမ္ဘာ့မိသားစုနဲ့ပါ အပြိုင်အဆိုင် ပဋိပက္ခမီးတွေ မွှေးကြဦးမယ်ဆိုရင်ဖြင့် မြန်မာ့နိုင်ငံရေးဟာ မဟာထောင်ချောက်ကြီးထဲကို ကျတော့မယ်ဗျ။ ကျလိမ့်မယ်ဗျ။ လိမ္မာကြဖို့သင့်ပြီ။

“ငါနဲ့မတူငါ့ရန်သူ”အစား “မတူကွဲပြားခြင်းရဲ့အလှကို နားလည်လက်ခံ၊ ပန်းတိုင်းပွင့်ပါစေ” တွေးပုံသစ်ကြရအောင်။

“ရန်-ငါတမ်းတမ်းစွဲခြင်း”နေရာမှာ “အပြန်အလှန်နားလည်လက်ခံခြင်းနဲ့ လူသားစိတ်”ကို ဖလှယ်ကြရအောင်။

ဒါဆို ကျုပ်တို့ရွှေပြည်ကြီးရဲ့ နိုင်ငံရေးဟာ နေကောင်းသွားမယ်ဗျ။

ကဲ... ချစ်လိုက်ကြစမ်းဗျာတို့၊ ချစ်ကြစမ်းပါဗျာ။

ဇေယျမင်းသျှင် (၇-၉-၂၀၁၈)