တစ်ခါတစ်ရံ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ ယုတ်စွအဆုံး ရဟန်းသံဃာများဖြစ်စေ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက်မရှိပါဘဲ မိမိတို့၏ သံသယမကင်း၊ စိုးရိမ်စိတ်ကဲသော လုပ်ရပ်မျိုး၊ တုံ့ပြန်မှုမျိုးများကသာ မိမိတို့ဘာသာ ခွဲခြားကန့်သတ်သည့်သဘော သက်ရောက်သွားတတ်ခြင်းမျိုးကို ဆိုလိုသည်။
မြန်မာလူ့အဖွဲ့အစည်းသည် အမျိုးသမီးများကို စနစ်တကျ ဥပဒေ စည်းကမ်းဖြင့် ခွဲခြားဆက်ဆံခဲ့သည့်သဘောမျိုး သမိုင်းတွင် တိတိကျကျ မရှိခဲ့ဘဲ ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများကြောင့်သာ အမျိုးသမီးများကို ခွဲခြားဆက်ဆံခံရသကဲ့သို့ ရှိနေခဲ့ခြင်းဖြစ်သည်။

အစဉ်အလာ ဆက်ခံကျင့်သုံးလာခဲ့သော ရိုးရာဓလေ့ထုံးတမ်းများကြောင့် စေတီ၊ ပုထိုးများ၏ အထက်ပစ္စယာ အမျိုးသမီး မတက်ရ၊ ကျိုက်ထီးရိုးစေတီတော်တွင် အမျိုးသမီးများကိုယ်တိုင် ရွှေသင်္ကန်း ကပ်လှူခွင့်မရသည့် ပုံစံမျိုး အရိုးစွဲလာခဲ့ခြင်းဖြစ်သည်။

အချို့ကမူ အာရှသည် အခြားကမ္ဘာ့နိုင်ငံများထက် မဟာပုရိသဖိုဝါဒ ပို၍ကြီးစိုးသယောင်၊ အမျိုးသမီးများကို လင်ယောက်ျား၏ ပါရမီဖြည့်ဖက်၊ အိမ်မှုကိစ္စများကိုသာ စီမံကွပ်ကဲရသည့် အိမ်ရှင်မအဆင့်မျိုးထက်ပို၍ ဦးစားမပေးကြောင်း ဝေဖန်ထောက်ပြမှုများရှိသော်ငြား အာရှသည် ကမ္ဘာ့အခြားဒေသများထက် အမျိုးသမီးခေါင်းဆောင်များ ပိုများပြားနေခြင်းက ထိုအချက်ကို ချေဖျက်ပြီးသားဖြစ်သွားခဲ့သည်။

သမိုင်းကြောင်းတွင် လက်ရုံးအားကိုးသော စစ်ဘုရင်များ၊ စစ်ဝါဒီများ ကြီးစိုးခဲ့သော ဂျပန်နိုင်ငံနှင့် သားယောက်ျားလေးကိုမှ ဦးစားပေး၊ အလေးပေးတတ်သော တရုတ်နိုင်ငံတို့တွင် ယနေ့အချိန်အထိ ထူးချွန်ထင်ရှားသည့် အမျိုးသမီးခေါင်းဆောင်များ ထွက်ပေါ်မလာသေးခြင်းမှာ ခြွင်းချက်ဟု ဆိုနိုင်သည်။

များစွာ ထူးခြားသည်မှာ ရှေးရိုးစွဲ ဘာသာရေး အယူသီးမှုများ ရှိနေသော အိန္ဒိယနှင့် တောင်အာရှနိုင်ငံများကိုကြည့်လျှင်ပင် နာမည်ကျော်ထင်ရှားသော အမျိုးသမီး နိုင်ငံရေးခေါင်းဆောင်များ၊ အမျိုးသမီးသမ္မတနှင့် ဝန်ကြီးချုပ်များ ထွက်ပေါ်ခဲ့၊ ထွက်ပေါ်နေဆဲဖြစ်သော်လည်း ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေးတို့နှင့်ပတ်သက်လျှင် အသံအကျယ်ဆုံးဟု ဆိုရမည့် အမေရိကန်ပြည်ထောင်စုတွင်ပင် ယနေ့အချိန်အထိ အမျိုးသမီးတစ်ဦးကို သမ္မတအဖြစ် လက်ခံရန် အမေရိကန်ပြည်သူများ အဆင်သင့်မဖြစ်သေးခြင်းပင်ဖြစ်သည်။

ထိုအခြေအနေများနှင့် နှိုင်းယှဉ်လျှင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နယ်ပယ်အသီးသီးတွင် ထူးချွန်ထက်မြက်သော အမျိုးသမီးများကို ဦးစားပေး၊ နေရာပေးကာ တလေးတစား အသိအမှတ်ပြုနေသည့် မြန်မာနိုင်ငံ၏ အခြေအနေမှာ များစွာထူးခြားကောင်းမွန်သည်ဟု ဆိုရပေမည်။

ထို့အပြင် မြန်မာနိုင်ငံသည် အစဉ်အလာ ဓလေ့ထုံးတမ်းများတွင်ပင် မိခင်ကို မိဘမေတ္တာ သင်္ကေတအဖြစ် ဖခင်ထက် ပိုအလေးပေးတတ်သည့်အပြင် အမျိုးသမီးများကို မိမိတို့ မိခင်၊ အစ်မ၊ နှမများနှင့် နှိုင်းယှဉ်ကာ စာနာထောက်ထား ဦးစားပေးတတ်ရန် ဆုံးမသွန်သင်ပေးတတ်သည့်သဘော ရှိသည့်အတွက် ယနေ့ ကျားနှင့် မ တန်းတူရည်တူ အခွင့်အရေး တောင်းဆိုသံများ ဆူညံလာချိန်တွင် မြန်မာလူ့အဖွဲ့အစည်းအပေါ် ထူးထူးခြားခြား ထိခိုက်သက်ရောက်မှု မရှိခဲ့ခြင်းဖြစ်သည်။

သို့သော် အစဉ်အဆက် လက်ခံကျင့်သုံးခဲ့သည့် အထက်ဆိုခဲ့ပါ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းများ၊ နိုင်ငံ၏သမိုင်းကြောင်းနှင့် လူမှုရေး အစဉ်အလာများကို နားမလည်၊ သဘောမပေါက်ပါက အမျိုးသမီးအခွင့်အရေးခေါင်းစဉ်ဖြင့် မူလက တမင် ဖိနှိပ်ခွဲခြားထားခြင်းမရှိသော ကိစ္စရပ်များကို ပုံကြီးချဲ့ ပြဿနာရှာသည့်သဘော သက်ရောက်သွားနိုင်ပေသည်။

ဆိုလိုသည်မှာ တစ်ခါတစ်ရံ အမျိုးသမီးဖြစ်စေ၊ အမျိုးသားဖြစ်စေ၊ သက်ကြီးရွယ်အိုဖြစ်စေ၊ ယုတ်စွအဆုံး ရဟန်းသံဃာများဖြစ်စေ ပတ်ဝန်းကျင်က ခွဲခြားဆက်ဆံလိုသော ရည်ရွယ်ချက်မရှိပါဘဲ မိမိတို့၏ သံသယမကင်း၊ စိုးရိမ်စိတ်ကဲသော လုပ်ရပ်မျိုး၊ တုံ့ပြန်မှုမျိုးများကသာ မိမိတို့ဘာသာ ခွဲခြားကန့်သတ်သည့်သဘော သက်ရောက်သွားတတ်ခြင်းမျိုးကို ဆိုလိုသည်။

မည်သို့ပင်ဖြစ်စေ ယနေ့ မြန်မာလူ့အဖွဲ့အစည်း၏ နယ်ပယ်အသီးသီးတွင် ဦးဆောင်သူ၊ ခေါင်းဆောင်နေရာ အများအပြားတွင် အမျိုးသမီးများ ယခင်ကာလများထက်ပို၍ နေရာယူလာခြင်း၊ အောင်မြင်ကျော်ကြား လာကြခြင်းမှာ ကောင်းသည့်လက္ခဏာဖြစ်သည့်အပြင် ရှေးရိုးစွဲ အစဉ်အလာများ၊ တစ်ပါးသူ သို့မဟုတ် မိမိကိုယ်တိုင် ကန့်သတ်နေခြင်းများကို ဖောက်ထွက်လာနိုင်ကြသည့် မြန်မာအမျိုးသမီးများကို အထူးတလည် အသိအမှတ်ပြု မှတ်တမ်းတင်အပ်ပေသည်။

အယ်ဒီတာ (၈-၈-၂၀၁၈)